MySport Myanmar

အာဆင်နယ်ကို အနိုင်ရဖို့အတွက် စွမ်းဆောင်ရည်ကောင်းတစ်ခု လိုအပ်တယ်လို့ တန်ဟက်ဂ် ဆို

မန်ချက်စတာယူနိုက်တက်ဒ်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က ဒီနေ့ အာဆင်နယ်အသင်းနဲ့ Emirates ကွင်းမှာ ရင်ဆိုင်သွားရမယ့် ပွဲစဉ်အတွင်း ရလဒ်ကောင်းတွေ ရယူသွားနိုင်ဖို့အတွက် သူတို့အသင်းအနေနဲ့ စွမ်းဆောင်ရည်ကောင်းတစ်ခု ပြသနိုင်ဖို့ပါ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Football365

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ အခုပွဲမတိုင်ခင် အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်းကြီး ပက်ထရစ်ဗီအဲရာ ကိုင်တွယ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ရာ နောက်ကျချေပဂိုးကြောင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ရင်း နိုင်ပွဲဆက်မှုပါ ရပ်တန့်သွားခဲ့ရပါတယ်။ တကယ်လို့ အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဉ်မှာပါ ထပ်မံ ခြေချော်သွားခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အာဆင်နယ်ကို ယူနိုက်တက်ဒ်တို့ ဘယ်လိုမှ လိုက်မှီနိုင်တော့မှာ မဟုတ်ပဲ အာဆင်နယ်နဲ့ မန်စီးတီးတို့သာ ချန်ပီယံပြေးလမ်းထဲမှာ ကျန်ရှိနေရတော့မှာဖြစ်ပြီး ယူနိုက်တက်ဒ်ကတော့ Top 4 နေရာအတွက်ကိုပဲ အားစိုက်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက်ဒ်နည်းပြ တန်ဟက်ဂ်က “သူတို့အသင်းက တကယ်ကို ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ မနားတမ်းပြေးနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ သူတို့ အခု ရောက်ရှိနေတဲ့ နေရာနဲ့ ထိုက်တန်မှု ရှိတယ်လို့လည်း ကျွန်တော် ထင်မိပါတယ်။ တကယ်ကောင်းမွန်တဲ့ ဖွဲ့စည်းမှုကိုလည်း ပိုင်ဆိုင်ထားတယ်။ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားလည်း ရှိတယ်။ အနိုင်ယူလိုတဲ့ စိတ်ထားမျိုးလည်း ပိုင်ဆိုင်ထားတဲ့ အသင်း။ ဒါတွေကြောင့်ပဲ သူတို့က အခု အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေရတာ။ သူတို့က အခု ရလဒ်ကောင်းတွေနဲ့ ပြေးနေတယ်။ အဲ့ဒါကို ရပ်တန်လိုက်ဖို့က ကျွန်တော်တို့ အပေါ်မှာသာ မူတည်နေပြီးတော့ အဲ့ဒါကို အကောင်အထည်ဖော်ဖို့ အားလုံးကို လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့တွေ ကစားနေတဲ့အချိန်မှာ နည်းပြတွေ နည်းပြအဖွဲ့ဝင်တွေက ဒီအသင်းအတွက် အလုပ်လုပ်နေတာ အချိန်တော်တော် ကြာနေပြီဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့မှာလည်း ကောင်းမွန်တဲ့ ဖွဲ့စည်းမှုတွေကို မြင်တွေ့ထားရပြီး ရာသီဝက်မှာတင် ကစားသမားတွေ တိုးတတ်လာခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ သိထားပြီး တကယ် ကောင်းမွန်အောင် ကစားဖို့ လိုပါမယ်။ တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု လိုအပ်တယ်။ ကျွန်တော်တို့သာ အဲ့ဒီလို လုပ်ဆောင်နိုင်ရင် ရလဒ်ကောင်းဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version