MySport Myanmar

လိုက်ပ်ဇစ် တိုက်စစ်ကစားသမား ဘရော်ဘီကို ဖုန်းနဲ့ ဆက်သွယ်ခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်အဲရစ်တန်ဟက်ဂ်က သူရဲ့အသင်းဟောင်း အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ နယ်သာလန် တိုက်စစ်ကစားသမားလေး ဘရိုင်ယန်ဘရော်ဘီကို ဒီနှစ်နွေဈေးကွက်ထဲ အရခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေပြီး တန်ဟက်ဂ်ကိုယ်တိုင် ဘရော်ဘီကို ဖုန်းနဲ့ လှမ်းဆက်သွယ်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : SPORTbible

ယူနိုက်တက်အသင်းဟာ ဒီနွေမှာ အသင်းရဲ့ အဓိက ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုကို လက်လွတ်သွားရဖို့ အခြေအနေမျိုး ဖြစ်နေတဲ့အတွက် အထောင်တိုက်စစ်နေရာမှာ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်နေပြီး ဒီနေရာအတွက် နည်းပြတန်ဟက်ဂ်က သူရဲ့တပည့်ဟောင်း ဘရိုင်ယန်ဘရော်ဘီကို အလိုရှိလာခဲ့ပါတယ်။ အသက်(၂၀)အရွယ်ရှိ နယ်သာလန် ယူ-၁၇ ကစားသမားလေး ဘရော်ဘီဟာ နယ်သာလန်ကစားသမားကောင်းတွေ မွေးထုတ်ပေးနေကြဖြစ်တဲ့ အေဂျက်စ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လက်ရှိ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

Photo Credit : SPORTbible

၂၀၁၀ခုနှစ်ကတည်းက အေဂျက်စ်အကယ်ဒမီကို ရောက်ရှိနေတဲ့ ဘရော်ဘီဟာ ၂၀၁၈ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ အေဂျက်စ်အရန်အသင်းမှာ ပါဝင်နေခဲ့ရာကနေ ၂၀၂၀ခုနှစ်မှာပါ အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်က ဘရော်ဘီကို စီနီယာအသင်းအတွက် စတင်ကစားခွင့်ပေးခဲ့ပြီး ဘရော်ဘီဟာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲအထိ ကစားခဲ့ရပါတယ်။ အဲ့ဒီနောက် ၂၀၂၁ခုနှစ် နွေဈေးကွက်မှာ ဘရော်ဘီက လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းဟောင်း အေဂျက်စ်အသင်းဆီ အငှားနဲ့ ပြန်လည်ရောက်လာခဲ့ပြီး အသင်းအတွက် (၁၃)ပွဲကစား (၇)ဂိုးသွင်းယူနိုင်ခဲ့ကာ နယ်သာလန် အမှတ်ပေးချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဘရော်ဘီဟာ အေဂျက်စ်အသင်းနဲ့ အငှားစာချုပ် ပြည့်မြောက်သွားပြီဖြစ်လို့ သူရဲ့မူရင်းကလပ် လိုက်ပ်ဇစ်အသင်းဆီ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပေမယ့် သူရဲ့ဆရာသမား တန်ဟက်ဂ်ကတော့ ဘရော်ဘီကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။ ဘရော်ဘီဟာ လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာ ဖြစ်ပေမယ့်လည်း ဘရော်ဘီရဲ့ လက်ရှိတန်ကြေးက ယူရို(၁၅)သန်းဝန်းကျင်သာ ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း တန်ဟက်ဂ်နဲ့ လက်တွဲချင်သူဖြစ်လို့ တန်ဟက်ဂ်ရဲ့ ဆက်သွယ်မှုက အခြေအနေကောင်းလာနိုင်သလို အပြောင်းအရွှေ့လည်း ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Exit mobile version