လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်တော့မယ့် နယ်သာလန်လူမျိုး နည်းပြအဲရစ်တန်ဟက်ဂ်အနေနဲ့ ယူနိုက်တက်ကို တာဝန်ယူချိန်မှာ သူရဲ့ တပည့်ဟောင်းဖြစ်သူ မော်ရိုကို တောင်ပံကစားသမား ဟာကင်ဇီယာ့ဇ်ကို ယူနိုက်တက်အသင်းအတွက် အရခေါ်ယူသွားသင့်တယ်လို့ နယ်သာလန် ကစားသမားဟောင်းကြီး ဗန်ဘက်စတန်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Image: PA

Photo Credit : SPORTbible

အေဂျက်စ်အသင်းရဲ့ နည်းပြဟောင်း တန်ဟက်ဂ်ဟာ ယူနိုက်တက်အသင်းကို မကြာခင်မှာပဲ စတင်ကိုင်တွယ်သွားတော့မှာဖြစ်ပြီး ယူနိုက်တက်အသင်းအတွက်ကိုလည်း ကစားသမားသစ် ခေါ်ယူအားဖြည့်ရာမှာ သူနဲ့ အေဂျက်စ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကစားသမားတချို့ကို ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေတာ ဖြစ်ပါတယ်။ တန်ဟက်ဂ်က သူရဲ့တပည့်ဟောင်းတွေဖြစ်တဲ့ ကွင်းလယ်လူဒီဂျောင် နောက်ခံလူဒီလစ်တို့ကို ယူနိုက်တက်အသင်းဆီ ခေါ်ယူသွားဖို့ ဆန္ဒရှိနေသလို နောက်ထပ် သူရဲ့တပည့်ဟောင်းဖြစ်သူ ဇီယာ့ဇ်ကိုလည်း ယူနိုက်တက်အသင်းအတွက် ခေါ်ယူသင့်တယ်လို့ ဗန်ဘက်စတန်က အကြံပြုသွားခဲ့ပါတယ်။

Image: PA

Photo Credit : SPORTbible

အသက်(၂၉)နှစ်အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် တောင်ပံကစားသမား ဇီယာ့ဇ်က တန်ဟက်ဂ်နဲ့အတူ အေဂျက်စ်အသင်းမှာ လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး ဇီယာ့ဇ်က ဗန်ဒယ်ဘိခ် ဒီဂျောင် ဒီလစ်တို့နဲ့အတူ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ အေဂျက်စ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ထိ ပို့ဆောင်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ၂၀၂ဝခုနှစ်ကမှ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ဇီယာ့ဇ်ဟာ သူရဲ့ပွဲဦးထွက်ရာသီမှာပဲ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း အသင်းအတွက် ပွဲစဉ်ပေါင်း (၈၁)ပွဲအထိပါ ပါဝင်ကစားထားခဲ့သလို သွင်းဂိုး (၁၄)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ (၂)ရာသီနီးပါး ကျင်လည်ခဲ့ဖူးထားတဲ့ ဇီယာ့ဇ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်သွားတော့မယ့် နည်းပြတန်ဟက်ဂ်အတွက် မဖြစ်မနေ ခေါ်ယူသင့်တဲ့ ကစားသမား ဖြစ်နေတယ်လို့ ဗန်ဘက်စတန်က ညွှန်းဆိုသွားခဲ့ပြီး ယူနိုက်တက်အသင်းအတွက်လည်း အရမ်းကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဇီယာ့ဇ်က ချယ်လ်ဆီးနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲဆက်တိုက် ပွဲထွက်ကစားခွင့် မရခဲ့ပဲ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားခဲ့ရပါတာကြောင့် သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စဉ်းစားလာဖွယ် ရှိနိုင်ပါတယ်။