မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ဇီဒန်းအစ်ဂဘယ်ရဲ့ ခြေစွမ်းပိုင်းတွေအပေါ် အလွန်နှစ်သက် သဘောကျနေပြီး ဒီလို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးက ယူနိုက်တက်စီနီယာအသင်းအတွက် ဘာကြောင့် ပွဲကစားခွင့် မရရှိနေရသလဲဆိုတဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်နေရတယ်လို့ သိရပါတယ်။

NEW! Zidane Iqbal: Things You Might Not Know About The 18 Year Old Footballer

Photo Credit : FirstSportz

အီရတ်လူမျိုးဖခင်နဲ့ ပါကစ္စတန်လူမျိုးမိခင်တို့ကနေ မန်ချက်စတာမြို့မှာ ဖွားမြင်ခဲ့သူ အစ်ဂဘယ်ဟာ အသက်(၁၂)နှစ်သားအရွယ် ၂၀၁၂ခုနှစ်မှာပဲ ယူနိုက်တက် လူငယ်အကယ်ဒမီဆီကို စတင်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့ စီနီယာစာချုပ်ချုပ်ဆိုခဲ့ပြီး မကြာသေးခင်ကမှ အသင်းနဲ့ ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားခဲ့တဲ့ အစ်ဂဘယ်ဟာ ယူနိုက်တက်မှာ ၂၀၂၅ခုနှစ် ဆက်လက်ရှိနေမှာ ဖြစ်သလို လက်ရှိ ယူနိုက်တက်ရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်မှာပါ နည်းပြတန်ဟက်ဂ် သဘောတွေ့ရလောက်အောင် အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

Watch: Man Utd prospect Zidane Iqbal scores tap-in for Iraq U23s - Planet Football

Photo Credit : Planet Football

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး အစ်ဂဘယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက် လူငယ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၂)ပွဲမှာ (၁၁)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့သလို ယန်းဘွိုင်းစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ယူနိုက်တက်စီနီယာအသင်းအတွက် စတင် ပါဝင်ခွင့်ရခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးသော လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ဆောင်လျက် ရှိနေပြီး အစ်ဂဘယ် အပါအဝင် ဂနာချို မာ့ချ်ဘာရစ်တိုု့လို အကယ်ဒမီထွက် ကစားသမားတွေကိုပါ စီနီယာအသင်းသားတွေနဲ့အတူ ပူးတွဲလေ့ကျင့်စေခဲ့တဲ့အပြင် first team ကစားသမားတွေအနေနဲ့ ခြေစွမ်းမပြနိုင်ဘူးဆိုရင် လူငယ်အသင်းက ကစားသမားတွေကိုပါ နေရာပိုပေးလာနိုင်ဖွယ် ရှိနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက် အသင်းအရင်းအမြစ်က “လူငယ်ကစားသမား တော်တော်များများလည်း လေ့ကျင့်ရေးကွင်းကို ရောက်ရှိနေကြပါပြီ။ တန်ဟက်ဂ်က အစ်ဂဘယ်ရဲ့ ခြေစွမ်းပိုင်းတွေကို အထင်ကြီးနေပြီး ဘာကြောင့်များ စီနီယာအသင်းမှာ ပါဝင်ကစားခွင့် မရခဲ့သလဲဆိုတာကို အံ့အားသင့်နေပါတယ်” The Sun သတင်းစာကနေ ဖော်ပြခဲ့ပါတယ်။ အစ်ဂဘယ်အနေနဲ့ကတော့ လာမယ့် ရာသီကြို ခြေစမ်းပွဲတွေမှာ နည်းပြတန်ဟက်ဂ် သဘောကျလောက်မယ့် စွမ်းဆောင်ရည်မျိုးတွေကို ပြသသွားရတော့မှာ ဖြစ်ပါတယ်။