MySport Myanmar

တန်ဟက်ဂ်ရဲ့ အဓိကပစ်မှတ် တင်ဘာ အေဂျက်စ်အသင်းမှာသာ ဆက်နေဖွယ်ရှိ

ဒီနှစ် နွေဈေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်း နည်းပြသစ် အဲရစ်တန်ဟက်ဂ် အလိုရှိနေဆုံး ကစားသမားဖြစ်တဲ့ အေဂျက်စ်နောက်ခံကစားသမားလေး တင်ဘာဟာ လက်ရှိမှာတော့ သူရဲ့ဆရာသမားဟောင်း တန်ဟက်ဂ်နဲ့ ပူးပေါင်းသွားဖို့ထက် သူရဲ့လက်ရှိကလပ် အေဂျက်စ်အသင်းမှာသာ ဆက်လက်ရှိနေဖို့က အခြေအနေများသွားခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ နယ်သာလန်လူမျိုး နည်းပြတန်ဟက်ဂ်ဟာ သူရဲ့အသင်းသစ် ယူနိုက်တက်အတွက် အေဂျက်စ်ကစားသမားတွေနဲ့ ကစားသမားဟောင်းတွေကို ခေါ်ယူသွားချင်နေပြီး ဒီကစားသမားတွေထဲမှာ တင်ဘာလည်း ပါဝင်လို့နေပါတယ်။ နယ်သာလန် လက်ရွေးစင် နောက်ခံလူ တင်ဘာဟာ ဗဟိုခံစစ်နေရာမှာရော ညာနောက်ခံနေရာမှာပါ ပါဝင်ကစားတတ်သူဖြစ်လို့ ခံစစ်ပိုင်း ယိုယွင်းနေတဲ့ ယူနိုက်တက်အတွက် တကယ် ခေါ်ယူသင့်တဲ့သူဖြစ်လို့ နည်းပြတန်ဟက်ဂ်က အသေအချာ ကြိုးပမ်းနေခဲ့ပေမယ့်လည်း လက်ရှိမှာ တင်ဘာက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ထက် အေဂျက်စ်မှာသာ ဆက်လက်ရှိနေဖို့သာ ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွယ်ရှိ နောက်ခံလူ တင်ဘာဟာ လက်ရှိမှာ နယ်သာလန် လက်ရွေးစင်အသင်းအတွက် (၈)ပွဲခန့်အထိပင် ပါဝင်ကစားနေရပြီ ဖြစ်ပေမယ့်လည်း နွေဈေးကွက်အတွင်း ယူနိုက်တက်လို အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ရင်း ပုံမှန်နေရာအတွက် ရုန်းကန်မှုတွေ ရှိလာခဲ့မယ်ဆိုရင် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လွဲချော်သွားရနိုင်တယ်ဆိုပြီး နယ်သာလန်နည်းပြ လူးဝစ်ဗန်ဟားလ်ရဲ့ သတိပေးစကားကြောင့် တင်ဘာမှာ အသင်းပြောင်းဖို့ထက် သူ့အတွက် ပွဲကစားခွင့် သေချာနေတဲ့ အေဂျက်စ်မှာသာ ဆက်လက်ပါဝင်ချင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အေဂျက်စ်အသင်းက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားရမှာဖြစ်ပြီး သူ့ကို အလိုရှိနေတဲ့ ယူနိုက်တက်က ယူရိုပါလိဂ်သာ ဆင်နွဲရမှာဖြစ်လို့ တင်ဘာအနေနဲ့ ဆရာဟောင်းနဲ့ လက်တွဲဖို့ထက် ဆရာဟောင်းရဲ့ နေရာဟောင်း အေဂျက်စ်မှာပဲ ထပ်မံကစားဖွယ် ရှိနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် တန်ဟက်ဂ်အနေနဲ့ ရာသီကြို ခြေစမ်းပွဲတွေ မစတင်ခင်မှာပဲ နောက်ထပ် ကစားသမားတွေကို ဆက်လက်ကြိုးပမ်းသွားရတော့မှာဖြစ်ပြီး အခုချိန်ထိတော့ အသင်းကို ကစားသမားတစ်ဦးမှ မရောက်ရှိသေးပဲ အသင်းသားတချို့သာ အသင်းကနေ လမ်းခွဲသွားခဲ့ကြပါတယ်။

Exit mobile version