MySport Myanmar

သူနဲ့ ဆလော့တို့ကြားက ခြားနားချက် တစ်ခုကို ဖွင့်ဟလိုက်တဲ့ အဲရစ် တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်က ဒီကနေ့မှာ ရင်ဆိုင်သွားရတော့မယ့် လီဗာပူးလ်အသင်းနည်းပြသစ် အာနယ် ဆလော့နဲ့ ပတ်သက်ပြီး သူနဲ့ ဆလော့တို့ကြား ခြားနားချက်တစ်ခုအကြောင်းကို ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

တန်ဟက်ဂ်နဲ့ ဆလော့တို့ဟာ နယ်သာလန်လူမျိုး ဘောလုံးနည်းပြတွေ ဖြစ်ပြီးတော့ နယ်သာလန်လိဂ်မှာလည်း ပြိုင်ဘက်တွေအဖြစ် တွေ့ဆုံထားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ တန်ဟက်ဂ်က အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်းဆီ အရင်ဆုံး ရောက်ရှိနေခဲ့တာဖြစ်ပြီး ဆလော့က ဒီရာသီမှသာ ဖိုင်ယင်နော့ကနေ လီဗာပူးလ်ဆီ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Youtube

တန်ဟက်ဂ်က အခုဆိုရင် အင်္ဂလန် ဘောလုံးနယ်ပယ်မှာ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရတာဖြစ်ပြီး အရှေ့က နှစ်ရာသီမှာတော့ လိဂ်ဖလားနဲ့ အက်ဖ်အေဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ အဆင့်(၈)နေရာသာ ရယူပေးနိုင်ခဲ့လို့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရလုနီးပါးအထိ ဖြစ်ခဲ့ရပါတယ်။

အခုလည်း ဆလော့က နယ်သာလန်လိဂ်ကနေ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ် နည်းပြအဖြစ် ပြောင်းလဲ ဆောင်ရွှက်လာခဲ့ရင်း သူ့ထက် အင်္ဂလန်မြေဆီ စောရောက်နေတဲ့ တန်ဟက်ဂ်နဲ့ ပြန်လည် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။ ဆလော့နဲ့ ရင်ဆိုင်သွားရတော့မယ့် တန်ဟက်ဂ်က “ကျွန်တော်က ဆလော့အတွက် ပြောမှာ မဟုတ်ပေမယ့် လီဗာပူးလ်အကြောင်းတော့ ပြောပါမယ်။”

Photo Credit : BBC

“လီဗာပူးလ်ကတော့ ရှင်းပါတယ်။ သူတို့တွေက မတူညီတဲ့ အဆင့်တစ်ခုကို ရောက်နေတာပါ။ သူတို့အသင်းဟာ ရင့်ကျက်နေတဲ့ အသင်းတစ်သင်းပါ။ ကစားသမားတွေကလည်း ဒီအသင်းမှာပဲ အချိန်အတော်ကြာ ကစားဖူးပြီး အတွေ့အကြုံလည်း အရမ်းရှိတဲ့ ကစားသမားတွေပါ။ ကျွန်တော်တို့ကျတော့ အများကြီး ပေါင်းစပ်ပြီး အသင်းသစ်တစ်ခုကို တည်ဆောက်ရပါတယ်။”

“လွန်ခဲ့တဲ့ နှစ်တွေကတည်းက စနစ်တကျ တည်ဆောက်ထားတဲ့ အသင်းရဲ့ ဖွဲ့စည်းမှုတွေ ကစားသမားတွေကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ အသင်းတစ်သင်းကို ဆလော့က ဆက်ခံခဲ့ရတာပါ။ ကျွန်တော်ကတော့ ဆုဖလားတွေနဲ့ (၆)နှစ်လောက် ဝေးကွာနေတဲ့ အသင်းကို ကိုင်တွယ်ခဲ့ရတာ။ အသင်းကိုလည်း အစကနေ ပြင်ဆင်ခဲ့ရတယ်။ အခု အသင်းက တည်ဆောက်ဆဲ အချိန်မှာသာ ရှိနေသေးပြီးတော့ အနာဂတ်အတွက် တည်ဆောက်နေတာ ဖြစ်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version