MySport Myanmar

ဗယ်လက်ကာနိုနဲ့ပွဲမှာ ရော်နယ်လ်ဒို ပါဝင်နိုင်လိမ့်မယ်လို့ တန်ဟက်ဂ် ပြောဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ လက်ရှိမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီဖြစ်ပြီး ဒီနေ့မှာ ကျင်းပသွားမယ့် မန်ယူနိုက်တက်ရဲ့ နောက်ဆုံးသော ရာသီကြို ခြေစမ်းပွဲစဉ်ဖြစ်တဲ့ ဗယ်လက်ကာနိုနဲ့ ပွဲစဉ်မှာပါ ပါဝင်လာနိုင်လိမ့်မယ်လို့ နည်းပြအဲရစ်တန်ဟက်ဂ်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Football Espana

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သတင်းထွက်ခဲ့သူ ရော်နယ်လ်ဒိုဟာ အခုလက်ရှိမှာတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနေပြီ ဖြစ်သလို ဒီကနေ့ည အိုးထရက်ဖို့ဒ်ကွင်းမှာ လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်သွားမယ့် ရာသီကြို ခြေစမ်းပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ မန်ယူနိုက်တက်ကနေ ထွက်ခွာပြီး ဥရောပထိပ်တန်း ကလပ်အသင်းကြီး တစ်သင်းသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ ရော်နယ်လ်ဒိုဟာ အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီဖြစ်ကြောင်း ဓါတ်ပုံတစ်ပုံကို အင်စတာဂရမ်မှာ ဖော်ပြခဲ့သလို ဗယ်လက်ကာနိုနဲ့ပွဲမှာလည်း ပါဝင်လာနိုင်ကြောင်းကိုပါ အရိပ်အမြွက် ပြောဆိုခဲ့ပါသေးတယ်။

Photo Credit : Geo

ရော်နယ်လ်ဒိုရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မန်ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “သူ အသင်းရဲ့ လူစာရင်းမှာ ပါဝင်မှာပါ။ သူ ဘယ်လောက်ကြာကြာ ကစားနိုင်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နည်းပြတန်ဟက်ဂ်က ရော်နယ်လ်ဒိုကို အသင်းမှာ ဆက်လက်ရှိနေချင်ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းမှာလည်း ရော်နယ်လ်ဒိုကို အဓိကနေရာကနေ အသုံးပြုသွားဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုကိုယ်တိုက်ကတော့ မန်ယူနိုက်တက်အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းပြီးနောက်ပိုင်း အသင်းရဲ့ အခြေအနေ အရပ်ရပ်အပေါ်မှာ စိတ်တိုင်းမကျ ဖြစ်လာခဲ့ရတဲ့အတွက် အသင်းနဲ့ လမ်းခွဲဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီ ဖြစ်ပေမယ့်လည်း အသင်းကနေ ထွက်ခွာသွားလိုတဲ့ သူရဲ့ စိတ်ဆန္ဒက အပြောင်းအလဲ မရှိသေးသလို သူရဲ့ လက်ကျန်စာချုပ်ကိုပါ ဖျက်သိမ်းပေးဖို့အထိ မန်ယူနိုက်တက်အသင်းကို တောင်းဆိုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုက သူရဲ့ အနာဂတ်ကိစ္စအတွက် ပရော်ဖက်ရှင်နယ်ဆန်ဆန်နဲ့သာ ကိုင်တွယ်ဖြေရှင်းသွားဖို့ လုပ်ဆောင်နေသလို လက်ရှိမှာလည်း မန်ယူနိုက်တက်အတွက် ပါဝင်ကစားပေးဖို့ပါ အဆင့်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

Exit mobile version