ဒေါ့မွန်အသင်းဟာ အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ ကစားသမားဟောင်း နူရီ ဆာဟင်ကို နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ အစီအစဉ် ရှိနေပြီး ဆာဟင်နေရာမှာလည်း မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်နဲ့ အစားထိုး ခန့်အပ်သွားဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ နည်းပြတာဇစ် ထွက်ခွာပြီးနောက် နည်းပြအတွေ့အကြုံ နုနယ်သေးတဲ့ ကစားသမားဟောင်း ဆာဟင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ရာ လက်ရှိ ဒေါ့မွန်က ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာ အဆင့်(၁၀)ထိတောင် ရောက်နေရပါတယ်။
Photo Credit : Get German Football News
လိဂ်ပွဲ (၁၈)ပွဲကစားထားပြီး ရမှတ် (၂၅)မှတ်သာ ရထားသေးတဲ့ ဒေါ့မွန်ဟာ ပြည်တွင်းရှုံးထွက်ဖလားဖြစ်တဲ့ ပိုကယ်ဖလားမှာလည်း ဒုတိယအဆင့်နဲ့ပဲ ပြုတ်ထားခဲ့ပါသေးတယ်။ နောက်ဆုံး(၃)ပွဲဆက်တိုက် ရှုံးနိမ့်ထားသလို နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ (၈)ပွဲမှာလည်း နိုင်ပွဲက (၁)ပွဲတည်းသာ ရှိထားတဲ့အထိ အခြေအနေ ဆိုးနေပါတယ်။
ဒီလို အခြေအနေတွေကြောင့် ဒေါ့မွန်က သူတို့နည်းပြ ဆာဟင်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့ စီစဉ်လို့နေပြီး တကယ်လို့ ဘိုလော့ဂ်နာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာသာ ရလဒ်တွေ ထပ်ဆိုးနေဦးမယ်ဆိုရင်တော့ ဆာဟင်ကို နည်းပြရာထူးကနေ သေချာပေါက် ထုတ်ပယ်သွားနိုင်ပါတယ်။
Photo Credit : Goal
ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် နည်းပြတစ်ဦး အလျင်အမြန် အစားထိုး ခန့်အပ်နိုင်ဖို့အတွက်လည်း စီစဉ်လို့ထားပြီး မန်ယူနိုက်တက်နဲ့ အေဂျက်စ်အသင်းတွေရဲ့ နည်းပြဟောင်း တန်ဟက်ဂ်ကို ချိန်ရွယ်လို့ထားပါတယ်။ တန်ဟက်ဂ်က ဘိုင်ယန်အရန်အသင်း နည်းပြအဖြစ် ဂျာမန်ဘောလုံးလောကမှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒီရာသီအစပ်ိုင်းမှာ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ထားတဲ့ တန်ဟက်ဂ်ဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ အခြေအနေသာ ရှိနေပြီး မကြာသေးခင်က ရိုးမားအသင်းနဲ့ သတင်းထွက်ထားခဲ့သလို အခုလည်း ဒေါ့မွန်နဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်လို့နေပြီး ဒီတစ်ခါရော သတင်းထွက်နေသလိုမျိုး တန်ဟက်ဂ်က ဒေါ့မွန်နည်းပြသစ် ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။