MySport Myanmar

မေဆန်မောင့်ရဲ့ အခြေအနေကို စောင့်ကြည့်လို့နေတဲ့ မန်ယူနည်းပြသစ် အဲရစ်တန်ဟက်ဂ်

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်ဟာ လတ်တလောမှာ စာချုပ်ကိစ္စ အနည်းငယ် လှုပ်ခတ်လို့နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား မေဆန်မောင့်ရဲ့ အခြေအနေကို သေချာလေ့လာ စောင့်ကြည့်လို့နေပြီး အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်လာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ ၂၀၀၅ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ချယ်လ်ဆီးစီနီယာအသင်းအတွက် စတင်ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ ကွင်းလယ်ဗဟို ကွင်းလယ်တိုက်စစ် နေရာတွေမှာ ပါဝင်ကစားတတ်တဲ့ မေဆန်မောင့်ဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ချယ်လ်ဆီးအသင်းက လာမယ့်စျေးကွက်ထဲမှာ အသင်းခံစစ်ပိုင်းကိုသာ အဓိကထားပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာဖြစ်လို့ မောင့်ရဲ့ စာချုပ်ကိစ္စအတွက် အနည်းငယ် လစ်ဟာနိုင်တာကို ယူနိုက်တက်ဘက်ကနေ အခွင့်ကောင်း ရယူသွားဖို့ ဟန်ပြင်နေတာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကိုယ်တိုင်ကလည်း မေဆန်မောင့်ကို အစပိုင်းကာလတွေကတည်းက ရင်းနှီးနေခဲ့တာဖြစ်ပြီး မေဆန်မောင့်ကလည်း သူရဲ့စီနီယာ ကစားသမားဘဝကို နယ်သာလန်ကလပ် ဗွီတက်ဆီအသင်းမှာ စတင်ခဲ့တာဖြစ်လို့ ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်က မောင့်ရဲ့ ခြေစွမ်းတွေနဲ့ နီးနီးစပ်စပ် ဖြစ်လို့နေရပါတယ်။ ဒါကြောင့် တန်ဟက်ဂ်က မောင့်ရဲ့ စာချုပ်အခြေအနေကို အနီးကပ် စောင့်ကြည့်နေတာဖြစ်ပြီး အခြေအနေတွေသာ ပိုပြီးလှုပ်ခတ်လာခဲ့မယ်ဆိုရင် မောင့်ကို လက်ရှိ ချယ်လ်ဆီးအသင်းမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခလစာဖြစ်တဲ့ ပေါင်(၈၈၀၀၀)ထက်ကို ပိုမိုမြင့်မားတဲ့ လုပ်ခမျိုးနဲ့ကို ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း မေဆန်မောင့်ကတော့ အသင်းအပြောင်းအလဲတွေ လုပ်ဆောင်ဖို့ထက် ချယ်လ်ဆီးအသင်းမှာသာ ပျော်ရွှင်နေပြီး အသင်းမှာပဲ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေသလို အသင်းဘက်ကလည်း သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ လက်ရှိမှာတော့ မောင့်ကို စောင့်ကြည့်နေတဲ့ တန်ဟက်ဂ်ဟာ သူရဲ့တပည့်ဟောင်းဖြစ်သူ တင်းဘားကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်နိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီလို့ သိရှိရပါတယ်။

Exit mobile version