MySport Myanmar

ဂါနာချိုရဲ့ စွမ်းဆောင်ရည်တွေအပေါ် ချီးကျူး ပြောဆိုသွားခဲ့တဲ့ အဲရစ်တန်ဟက်ဂ်

မနေ့ညက စပိန်လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိခဲ့သူ ဆယ်ကျော်သက်အရွယ် တောင်ပံကစားသမားလေး ဂါနာချိုရဲ့ ပွဲအတွင်း စွမ်းဆောင်ရည်တွေကို မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : 24Talker

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ မတိုင်ခင် ကျင်းပနေတဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေအတွင်းမှာ unused substitute အဖြစ် ရှိနေခဲ့ရတဲ့ အာဂျင်တီးနား လူငယ်ကစားသမားလေး ဂါနာချိုဟာ လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာတော့ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့ပြီး အသင်းပရိသတ်တွေ ကျေနပ်ရလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မန်ယူနိုက်တက် လူငယ်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေသူလို့ နာမည်ထွက်နေတဲ့ ဂါနာချိုကို ရာသီကြို ခြေစမ်းပွဲတွေအတွင်း စီနီယာအသင်းအတွက် ထည့်သွင်း အသုံးပြုဖို့ အကြိမ်ကြိမ် တောင်းဆိုနေကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒတွေဟာလည်း ဗယ်လက်ကာနိုနဲ့ ပွဲစဉ်မှာ ပြည့်မြောက်သွားခဲ့ရပြီး ဂါနာချိုကိုယ်တိုင် သူရဲ့ အရည်အသွေးတချို့က ချပြသွားခဲ့ပါတယ်။

Photo Credit : Sportsdias

အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဂါနာချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက ချယ်လ်ဆီး ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ တွေ့ဆုံခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွင်း မိနစ်အနည်းငယ် ပါဝင်ထားခဲ့ရသူဖြစ်ပြီး ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာတော့ line up ထဲ ပါ ပါဝင်လာခဲ့ရတဲ့အပြင် ပွဲချိန် (၇၃)မိနစ်အထိကို ကစားခဲ့ရပါတယ်။ လူငယ်ကစားသမားပီပီ ကစားခွင့်ရတုန်းမှာ လုပ်ချင်ကိုင်ချင်စိတ် များနေတဲ့ ဂါနာချိုဟာ သူရဲ့ပြေးအားတွေ ဘောလုံးသယ်ယူမှုတွေ တောင်ပံကနေ ထိုးဖောက်မှုတွေ အစရှိတဲ့ ဘောလုံးစွမ်းရည်တချို့ကို ပြသနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက် ပရိသတ်တွေတင်မကပဲ အသင်းနည်းပြ တန်ဟက်ဂ်ကိုယ်တိုင်ကပါ ဂါနာချိုုကို သဘောကျခဲ့ရပါတယ်။ ဂါနာချိုနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ကျွန်တော်တို့အနေနဲ့ ပါဝင်ကစားဖို့ ထိုက်တန်မှုရှိတဲ့ လူငယ်ကစားသမားလေးတွေကို အခွင့်အရေးတွေ ပေးသွားချင်ပါတယ်။ ဂါနာချိုဟာလည်း ရာသီကြို ကာလအတွင်းမှာ သူက ဘယ်လိုလဲဆိုတာကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့်လည်း သူ ပါဝင်ကစားခွင့် ရခဲ့တာပါ။ သူ အကောင်းဆုံး ကစားပြနိုင်ခဲ့တယ်။ သူရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို ကောင်းမွန်လှပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version