MySport Myanmar

လင်ဒီလော့ကို နေရာပြောင်း ကစားစေဖို့ အစီအစဉ် ရှိနေတဲ့ တန်ဟက်ဂ်

MANCHESTER, ENGLAND - OCTOBER 12: Manager Erik ten Hag of Manchester United speaks during a press conference at Carrington Training Ground on October 12, 2022 in Manchester, England. (Photo by John Peters/Manchester United via Getty Images)

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က လက်ရှိ အသင်းမှာ ကြုံတွေ့နေရတဲ့ ဒဏ်ရာပြသာနာတွေကြောင့် အသင်းရဲ့ ဗဟိုခံစစ်ကစားသမား ဗစ်တာလင်ဒီလော့ကို ကွင်းလယ်ခံစစ်နေရာတွင် ပြောင်းလဲ အသုံးပြုသွားဖို့ အစီအစဉ် ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Mirror

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဒွန်နီဗန်ဒယ်ဘိခ်အပြင် ခရစ္စတီယန်အဲရစ်ဆင်ပါ ဒဏ်ရာ ရရှိနေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းက သြစတြီးယား ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာကို အငှားနဲ့့ ခေါ်ယူခဲ့ရသလို နောက်ခံလူ လင်ဒီလော့ကိုပါ ကွင်းလယ်ခံစစ် DM နေရာမှာ ပြောင်းလဲ အသုံးပြုသွားဖို့ နည်းပြတန်ဟက်ဂ်က စီစဉ်လာခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းကို အိုးထရက်ဖို့ဒ်မှာ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်မှာကတည်းက လင်ဒီလော့ကို DM နေရာမှာ စတင် အသုံးပြုခဲ့တဲ့ တန်ဟက်ဂ်က လာမယ့်ပွဲစဉ်တချို့မှာလည်း ဒီလို ပုံစံအတိုင်း ဆက်လက် အသုံးပြုသွားဖွယ် ရှိနေပါတယ်။

Photo Credit : The Mirror

“လင်ဒီလော့က ဘင်ဖီကာအသင်းမှာ ကစားခဲ့စဉ်တုန်း holding midfielder အဖြစ် ကွင်းလယ်မှာ ထိန်းချုပ်မှုတွေ လုပ်ဆောင်တဲ့ နံပါတ်(၆)နေရာကို ကစားခဲ့ဖူးပါတယ်။ ဒါကြောင့် သူ ဒါကို လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိထားတယ်။ ဒါကို ကျွန်တော်တို့တွေ လေ့ကျင့်ရေးကွင်းမှာ အရင်ကတည်းက ကြိုးစားခဲ့ဖူးသလို ပွဲတစ်ပွဲမှာလည်း ဖြစ်နိုင်ပါတယ်” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ်နေရာကို ဘရာဇီးလ် ကွင်းလယ်လူ ကက်စီမဲရိုးကို ဦးစားပေး အသုံးပြုနေပေမယ့် ပွဲဆက်တွေ များလာတဲ့အချိန် ပွဲပန်းမှုတွေ မဖြစ်အောင် လင်ဒီလော့ကိုပါ ကွင်းလယ်ခံစစ်နေရာမှာ ထည့်သွင်း အသုံးပြုသွားဖို့ ထပ်မံ စီစဉ်ဖွယ် ရှိနေပါတယ်။ တန်ဟက်ဂ်ဟာ ဒီရာသီမှာ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကိုလည်း အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ပြောင်းလဲ အသုံးပြုခဲ့ရာ လုခ်ရှောလည်း အကောင်းဆုံး စွမ်းဆောင်မှု ပြသနိုင်ခဲ့တာကြောင့် မက်ဂွိုင်းရားနဲ့ လင်ဒီလော့တို့ပါ ပွဲကစားခွင့်တွေ ပိုမို နည်းပါးလာခဲ့ရပါတယ်။ အခု လင်ဒီလော့ကိုလည်း သူအရင်ကတည်းက ကစားခဲ့ဖူးတဲ့ DM နေရာမှာ အသုံးပြုဖို့ စီစဉ်နေပြီး တကယ်လို့ လင်ဒီလော့သာ ဒီနေရာမှာ ခြေစွမ်းပြနိုင်မယ်ဆိုရင် လင်ဒီလော့ကို DM အဖြစ်သာ ဆက်လက် အသုံးပြုဖွယ် ရှိနေပါတယ်။

Exit mobile version