MySport Myanmar

နယ်သာလန်လိဂ်က ကစားသမားတွေကို စောင့်ကြည့်ဖို့ ကင်းထောက် စေလွှတ်ထားတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ဟာ သူ ယခင်ကတည်းက နယ်သာလန် အမှတ်ပေးလိဂ်ပြိုင်ပွဲအတွင်းမှာ ပါဝင်ကစားနေတဲ့ အရည်အသွေးမြင့် ကစားသမားလေးတွေရဲ့ ခြေစွမ်းပိုင်းတွေကို လေ့လာ စောင့်ကြည့်ဖို့အတွက် ယူနိုက်တက် ကင်းထောက်တွေကို စေလွှတ်ထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

နယ်သာလန်ရဲ့ ထိပ်သီးကလပ် အေဂျက်စ်အသင်းရဲ့ နည်းပြဟောင်း ဖြစ်ခဲ့သူ တန်ဟက်ဂ်ဟာ ယူနိုက်တက်နည်းပြ ဖြစ်လာချိန်မှာပဲ သူ့အသင်းဟောင်း အေဂျက်စ်က လီဆန်ဒရိုမာတီနက်ဇ် အန်တိုနီတို့ကို ခေါ်ယူခဲ့တဲ့အပြင် နယ်သာလန်ကလပ် ဖီယင်နုရဲ့ နောက်ခံအစွန်လူ တိုင်လာမာလာစီယာကိုလည်း ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ယူနိုက်တက်မှာလည်း နယ်သာလန် ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဒွန်နီဗန်ဒယ်ဘိခ်နဲ့ မကြာသေးခင်ကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဗောက်ဗက်ဟို့စ်တို့လည်း ရှိနေပါတယ်။

Photo Credit : Football Espana

အခုလည်း The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ဟာ အသင်းအတွက် ကစားသမားသစ် ရှာဖွေရာမှာ နယ်သာလန် ကစားသမား ဒါမှမဟုတ် နယ်သာလန်လိဂ်က ကစားသမားတွေကို ပိုမို ခေါ်ယူချင်နေတဲ့အတွက် အသင်းက ကင်းထောက်တွေကို စေလွှတ်ထားခဲ့တယ်လို့ သိရပါတယ်။ တန်ဟက်ဂ် ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာချင်းမှာပဲ ပထမဆုံး ကြိုးပမ်းခဲ့တဲ့ ကစားသမားဟာလည်း သူ့အသင်းဟောင်း အေဂျက်စ်က ဗဟိုနောက်ခံကစားသမား တင်ဘာဖြစ်ပြီး အသင်းကို ရောက်ရှိလာဖို့လည်း နီးစပ်ခဲ့ပေမဲ့ နယ်သာလန်ကို ကိုင်တွယ်နေတဲ့ ယူနိုက်တက်နည်းပြဟောင်းကြီး လူးဝစ်ဗန်ဟားရဲ့ သတိပေးမှုကြောင့် တင်ဘာလည်း အေဂျက်စ်မှာသာ ဆက်နေဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်ဟာ အေဂျက်စ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ညာနောက်ခံလူ ဒဗိုင်းရန့်စ်နဲ့ ကွင်းလယ်လူ ကန်းနက်တေလာတို့ကိုလည်း စိတ်ဝင်စားလို့နေပြီး နှစ်ဦးလုံးဟာလည်း အသက်(၂၀)ဝန်းကျင်သာ ရှိနေပါသေးတယ်။ ဒီကစားသမားတွေအပြင် အယ်ခမာအသင်းရဲ့ တောင်ပံကစားသမား ဂျက်စပါကာလ်ဆင်နဲ့ PSV ကွင်းလယ်လူ ဂျိုရေးဗီယာမန်းတို့ကိုလည်း စောင့်ကြည့်လျက် ရှိနေတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

Exit mobile version