လာမယ့်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်အဖြစ် စတင်ဆောင်ရွှက်သွားမယ့် ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်က ယူနိုက်တက်အသင်းရဲ့ အဓိကအကျဆုံး ကစားသမားကြီးဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုအနေနဲ့ အသင်းအတွက် စီစဥ်ထားတဲ့ သူရဲ့အစီအစဥ်တွေထဲမှာ သေချာပေါက်ကို ပါဝင်နေလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်းရဲ့ နည်းပြဟောင်း တန်ဟက်ဂ်က လက်ရှိမှာ ယူနိုက်တက်အသင်းနဲ့ စတင် ပူးပေါင်းနေပြီဖြစ်ပြီး အသင်းကိုလည်း တရားဝင် ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ကို တန်ဟက်ဂ် ရောက်ရှိလာချိန်မှာ အသင်းအတွင်း ကစားသမား အပြောင်းအလဲတွေ များစွာဖြစ်ပေါ်လိမ့်မယ်လို့ သုံးသပ်နေကြသလို ယူနိုက်တက်ရဲ့ key player ရော်နယ်လ်ဒိုရဲ့ အနာဂတ်ပါ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။ ဒါပေမယ့် ယူနိုက်တက် နည်းပြသစ် တန်ဟက်ဂ်ကတော့ ရော်နယ်လ်ဒိုဟာ သူ့အတွက်ရော အသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် သေချာပေါက်ကို ရှိနေလိမ့်မယ်လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ရော်နယ်လ်ဒိုက ဂိုးတွေကို သွင်းယူပေးနိုင်တယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုအကြောင်း ခင်ဗျားတို့ကို မပြောပြသေးခင်မှာ သူနဲ့ ကျွန်တော် ပထမဆုံး စကားစပြောရပါမယ်။ သူက အသင်းအတွက် ကျွန်တော်ရဲ့အစီအစဥ်တွေထဲမှာ သေချာပေါက်ကို ပါဝင်နေပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် GOAT ကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းက ဒီရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၁၈)ဂိုးအပြင် ပြိုင်ပွဲစုံသွင်းဂိုး (၂၄)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပြီး တစ်ရာသီအတွင်းမှာလည်း ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း နှစ်ကြိမ်တိုင် ဆွတ်ခူးခဲ့ပါတယ်။ ယူနိုက်တက်က ဒီရာသီမှာ အဆင့်(၆)နေရာနဲ့ပဲ အဆုံးသတ်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ နည်းပြသစ်တန်ဟက်ဂ်နဲ့ လက်တွဲပြီး ယူနိုက်တက်မှာပဲ နောက်တစ်ရာသီ ဆက်လက်ဖြတ်သန်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။