MySport Myanmar

ဗိုလ်လုပွဲမှာ အမှားလုပ်ခဲ့တဲ့ ဒီဂီယာကို ရာသီသစ်မှာ အရန်ခုံဆီ ပို့တော့မယ့် တန်ဟက်ဂ်

Manchester United's head coach Erik ten Hag, left, and Manchester United's goalkeeper David de Gea talk after the English Premier League soccer match between Manchester United and Bournemouth at Old Trafford in Manchester, England, Tuesday, Jan. 3, 2023. (AP Photo/Dave Thompson)

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် စီးတီးရဲ့ အနိုင်ဂိုးတွေမှာ အမှားတွေ လုပ်ခဲ့တဲ့ ဂိုးသမား ဒီဂီယာရဲ့ နေရာအတွက် ဂိုးသမားသစ် တဦး ဝယ်ယူတော့မယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိလာသူ ဖြစ်ပေမယ့် အချိန်တို အတွင်းမှာ အသင်းကို ခြေစွမ်းကောင်းတွေ ရအောင် ဦးဆောင်ပေးနိုင်ခဲ့သလို ကာရာဘောင်းဖလားလည်း ရယူပေးထားပါတယ်။

 

Photo Credit: Goal

တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းချန်ပီယံ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၃နေရာ ရခဲ့တဲ့ အပြင် အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ မန်ချက်စတာ စီးတီးရဲ့ အသင်းခေါင်းဆောင် ဂန်ဒိုဂန်က ယူနိုက်တက်ဘက်ကို အနိုင်ဂိုး ၂ဂိုးစလုံး သွင်းယူခဲ့ကာ ယူနိုက်တက် အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်က ပင်နယ်တီ ကနေ တဆင့် သွင်းယူခဲ့တာပါ။

Photo Credit: Sky Sports

ဂန်ဒိုဂန်ရဲ့ အနိုင်ဂိုး ၂ဂိုးအနက် ပထမ တဦးက အဆင့်မြင့်တဲ့ မြေမကျကန်ချက် ဖြစ်ခဲ့ပေမယ့် ဒုတိယဂိုးကတော့ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ ရွေ့လျားမှု နှေးကွေးခြင်းနဲ့ နေရာယူ မှားယွင်းခြင်းတို့ကြောင့် ပေးခဲ့ရတဲ့ သွင်းဂိုး ဖြစ်ပြီး ဒေးဗစ် ဒီဂီယာရဲ့ အမှားတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလားကို လက်လွှတ်ခဲ့ရတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီး ၂-၁ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာ တန်ဟက်ဂ်က သူတို့အသင်းဟာ စီးတီးကို ယှဉ်ကစားနိုင်ခဲ့ပေမယ့် ဂိုးသမားရဲ့ အမှားကြောင့် အရှုံးပေးခဲ့ရတာ ဖြစ်ကြောင်းနဲ့ အဆိုပါ အားနည်းချက်ကို (ဂိုးသမားနေရာ) ပြင်ဆင်ဖို့ အတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။ တန်ဟက်ဂ်က – “ဒီနေ့မှာ ရှုံးခဲ့တယ် ဆိုတဲ့ အချက်ကို ဘေးဖယ်ထားလိုက်ရင် ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ ဆိုတာကို ကောင်းကောင်းကြီး မြင်တွေ့ခဲ့မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ တိုးတက်ရမယ့် နေရာတွေ ရှိနေပါသေးတယ်။ (ဂိုးသမားနေရာအား ရည်ရွယ်လျက်) ကျွန်တော်တို့က အဲ့ဒီ အားနည်းချက်ကို ပြင်ဆင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့သာ အဲ့ဒီအားနည်းချက်ကို ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင် အသင်းက ရှေ့ကို တလှမ်း တိုးသွားနိုင်မှာ ဖြစ်ပြီး ဆုဖလားတွေကိုလည်း စိန်ခေါ်နိုင်ပါလိမ့်မယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version