ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မားကပ် ရက်ဖို့ဒ်ဟာ လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် မကြာခင် ရက်ဖို့ဒ်ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်မြင်ရလိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသခဲ့ပေမယ့် ဒီရာသီမှာတော့ ဂိုးပေါက်ပျောက်နေသလို ပုံမှန်ခြေစွမ်း ပြသဖို့တောင် ရုန်းကန်နေရပါတယ်။

Photo Credit: Sky Sports

မားကပ် ရက်ဖို့ဒ်က ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုးထဲသာ သွင်းယူထားနိုင်သလို အဆိုပါ သွင်းဂိုး ၂ဂိုးအနက် ၁ဂိုးကလည်း ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တာပါ။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက လုပ်ခလစာ အများဆုံး ကစားသမားတွေထဲမှာ ပါဝင်တဲ့ ရက်ဖို့ဒ်ကို ယခင်ထက် ပိုပြီး ကြိုးစား ကစားဖို့ တိုက်တွန်းနေကြကာ တန်ဟက်ဂ်ကတော့ သူ့ရဲ့တပည့် ရက်ဖို့ဒ်ဟာ အကောင်းဆုံး ကြိုးစားနေတာကြောင့် မကြာခင် ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်မြင်ရလိမ့်မယ်လို့ ပြောလာပါတယ်။

Photo Credit: Extra

တန်ဟက်ဂ်က – “ရက်ဖို့ဒ်က ကောင်းကောင်း လေ့ကျင့်နေပါတယ်။ သူ့ရဲ့ခြေစွမ်းက အရင်ထက်တောင် ပိုပြီး ကောင်းလာဖို့ ရှိနေပါတယ်။ ပြီးတော့ သူက အသက်ငယ်သေးပေမယ့် အရမ်းကို အတွေ့အကြုံများတဲ့ ကစားသမားပါ။ သူက ထိပ်တန်း ကစားကွက် တခု ဘယ်လို အလုပ်လုပ်လဲ ဆိုတာ သိပါတယ်။ သူက အသင်းကို ဦးဆောင်ရမယ့် ကစားသမား ဆိုတာလည်း သိထားပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ မကြာခင် ရက်ဖို့ဒ် တယောက် ခြေစွမ်းကောင်းတွေ ပြန်ပြနိုင်မယ် ဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။ သူက ဝေဖန်မှုတွေကို အလုပ်နဲ့ သက်သေပြပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဒီနေ့ည ၇နာရီမှာတော့ တန်ဟက်ဂ်နဲ့ ရက်ဖို့ဒ်တို့ရဲ့ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ ဝက်စ်ဟမ်းကို သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပြီး အဆိုပါပွဲမှာ ရက်ဖို့ဒ်က ဟွိုက်လန်း ၊ ဂါနာချိုတို့နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင်လာဖွယ် ရှိနေပါတယ်။