ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်က ပွဲတိုင်းမှာ အနိုင်ရရှိအောင် ကစားဖို့ပဲလို့ သူ့ရဲ့ ကစားသမားတွေကို အသိပေးစကား ပြောကြားသွားခဲ့ပါတယ်။

တချိန်က ပရီးမီးယားလိဂ်မှာ ရွှေထီးဆောင်းခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို နောက်ထပ်တကြိမ် ထပ်မံ ရရှိတော့ခြင်း မရှိပဲ အနီးစပ်ဆုံး အနေနဲ့ အဆင့်၂နေရာတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: The Times

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်က ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း အဲရစ် တန်ဟက်ဂ် အပါအဝင် အမြဲတမ်း နည်းပြ ၅ဦး ၊ ယာယီနည်းပြ ၃ဦး အထိ ခန့်အပ်ခဲ့ပေမယ့် ဆုဖလား အောင်မြင်မှုအနေနဲ့ ယူရိုပါလိဂ် ၁လုံး ၊ ကားလင်း ၁လုံး ၊ အက်ဖ်အေ ၁လုံးနဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ်ကိုသာ ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အသင်းကို အစကနေ ပြန်လည် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး အေဂျက်ကို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူရိုသေ ရှင်ရိုသေ အသင်းတသင်း ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တဲ့ နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူ ခန့်အပ်ထားပါတယ်။

Photo Credit: The Times

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က ဘောလုံးပိုင်ဆိုင်မှု အသားပေး ကိုယ်ပိုင် ကစားဟန် တခုကို ပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် ယခုအချိန်မှ စတင်ကာ အသင်းကို သူ့ရဲ့ ကစားဟန်အတိုင်း သွတ်သွင်းဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ စံချိန်စံညွှန်းက ပွဲတိုင်းကို အနိုင်ကစားဖို့သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်က – “မန်ချက်စတာ ယူနိုက်တက်ရဲ့ စံချိန်စံညွှန်းက ပွဲတိုင်းကို အနိုင်ကစားဖို့ပါ။ ဒါက အသင်းရဲ့ ဝိသေသ တခု ဖြစ်သလို အသင်းရဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်” လို့ အင်တာဗျူးမှာ သူ့ရဲ့ ခံယူချက်ကို ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။