ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ များပြားလွန်းတဲ့ ဒဏ်ရာရ ကစားသမားစာရင်းကြောင့် လာမယ့်ပွဲတွေမှာ ဘယ်လိုမျိုး ပွဲထွက်လူစာရင်းတွေကို ထုတ်သုံးရမလဲ ဆိုတာ စဉ်းစားရင်း ခေါင်းကိုက်နေရတယ်လို့ မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿကင်းကင်းနဲ့ ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာကျိန်စာဆိုးရဲ့ ဖမ်းစားခြင်းကို ခံနေရပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား အများအပြားဟာ ဒဏ်ရာပြဿနာတွေကြောင့် မကြာခဏ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ လုခ်ရှောနဲ့ မာလာစီယာတို့က ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူနေရသလို မာတီနက်ဇ် ၊ ဗာရန်း ၊ လင်ဒီလော့ဖ် ၊ အီဗန်စ် ၊ ကမ်ဘွာလာ စတဲ့ ဗဟိုခံစစ်မှူးတွေကလည်း ဒဏ်ရာတွေ အသီးသီး ရထားကြပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ တန်ဟက်ဂ်က အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးကို ကျန်ရှိနေတဲ့ တဦးထဲသော ဗဟိုခံစစ်မှူး မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ ကစားစေခဲ့ပြီး မက်ဂွိုင်းယားကလည်း အသေးစားဒဏ်ရာ ရှိနေပေမယ့် အသင်းအတွက် နာကျင်မှုကို အံတုရင်း ကစားပေးနေရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရော့ဘ် ဒေါ်ဆန်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာရ ကစားသမား များပြားနေချိန်မှာ အဓိက ကစားသမားတွေလို့ ပြောရမယ့် ရက်ဖို့ဒ် ၊ ဂါနာချို ၊ ဘရူနို ဖာနန်ဒက်စ်နဲ့ တော်မီနေးတို့ကပါ ဒဏ်ရာတွေ ထပ်ရထားကြပြီး ဂါနာချိုနဲ့ ဖာနန်ဒက်စ်တို့ဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ရှက်ဖီးလ် ယူနိုက်တက်နဲ့ပွဲမှာ ပြန်လည် ပါဝင်လာဖွယ် ရှိပေမယ့် ရက်ဖို့ဒ်နဲ့ တော်မီနေးတို့ကတော့ လွဲချော်ဖို့ ရာခိုင်နှုန်း များနေတယ်လို့ သိရပါတယ်။

Photo Credit: Caught Offside

ဒဏ်ရာရ ကစားသမား များပြားနေမှုကြောင့် ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က ယနေ့ညမှာ ဒါးလော့ ၊ မက်ဂွိုင်းယား ၊ ကတ်စ်မဲရိုးနဲ့ ဘစ္စကာတို့ကို ခံစစ်မှာ အထိုင်ချကာ ဒဏ်ရာရသွားတဲ့ တော်မီနေးရဲ့ နေရာမှာ အဲရစ်ဆင်ကို အစားထိုးကာ အဲရစ်ဆင် ၊ မိုင်နူးနဲ့ ဘရူနိုတို့ရဲ့ ကွင်းလယ်ကို ထုတ်သုံးပြီး တိုက်စစ်မှာတော့ အန်တိုနီ ၊ ဟွိုက်လန်းနဲ့ ဂါနာချိုတို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို အသုံးပြုလာဖွယ် ရှိနေပါတယ်။

တန်ဟက်ဂ်က ပွဲပန်းနေတဲ့ ကစားသမားတွေကို အနားပေးလို့ မရသလို အရန်ခုံမှာလည်း အမ်မရာဘက်နဲ့ အာမတ် ဒီရယ်လိုတို့ နှစ်ဦးထဲသာ အသင့်သုံး ကစားသမားတွေ အဖြစ် ရှိနေမှာ ဖြစ်တာကြောင့် ပွဲကစားနေစဉ် အတွင်း လူစားလဲမှုတွေ လုပ်ဖို့ အခက်အခဲတွေ ကြုံရဦးမှာ ဖြစ်ပါတယ်။