ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယမြောက် ရာသီကြို ခြေစမ်းပွဲမှာ လီဂူးဝမ်းကလပ် လိုင်ယွန်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ပထမပိုင်းမှာ ကစားခွင့် ရခဲ့တဲ့ ကစားသမားတွေရဲ့ အဆုံးသတ် အားနည်းချက်ကို သဘောမကျကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒုတိယမြောက် ရာသီကြို ခြေစမ်းပွဲ အဖြစ် လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်ယွန်နဲ့ ဗြိတိန်နိုင်ငံထဲမှာ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပြီး တန်ဟက်ဂ်က အဆိုပါပွဲမှာ စီနီယာ ကစားသမား အများစု ပါဝင်တဲ့ အသင်းကို ပထမပိုင်းမှာ အသုံးပြုခဲ့ကာ လူငယ် ကစားသမား အများစု ပါဝင်တဲ့ အသင်းကို ဒုတိယပိုင်းမှာ အသုံးပြုခဲ့ပါတယ်။

Photo Credit: Standard

တန်ဟက်ဂ်က ပထမပိုင်း လူစာရင်းထဲမှာ ဆန်ချို ၊ အန်တိုနီ ၊ မေဆန်မောင့် ၊ ဗာရန်း ၊ ဘစ္စကာ ၊ မာတီနက်ဇ် စတဲ့ စီနီယာ ကစားသမားတွေကို ကိုဗာ ၊ အာမတ် ဒီရယ်လို ၊ မက်ချ်ဘရီ ၊ အယ်ဗာရို ဖာနန်ဒက်ဇ် စတဲ့ လူငယ် ကစားသမားတွေနဲ့ ပူးပေါင်း ကစားစေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ပွဲအစ ၁၀မိနစ် အတွင်းမှာပဲ လိုင်ယွန်ကို တရစပ် ဖိကစားကာ ဂိုးသွင်းခွင့် အမြောက်အမြားလည်း ရရှိခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ ဆန်ချို ၊ အန်တိုနီ ၊ မေဆန်မောင့် ၊ အာမတ် ဒီရယ်လို စတဲ့ ကစားသမားတွေက ရရှိလာတဲ့ အပိုင်ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ပထမပိုင်းမှာ လိုင်ယွန်ဘက်ကို ဂိုးမသွင်းနိုင်ခဲ့ပဲ ဂိုးမရှိသရေ ဆိုတဲ့ ရလဒ်နဲ့သာ ပထမပိုင်း ပြီးခဲ့ရပါတယ်။

Photo Credit: Manchester United

ဒုတိယပိုင်းမှာတော့ လူငယ် ကစားသမား အများစု ပါဝင်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို လိုင်ယွန်ကို ထိန်းချုပ် ကစားသွားနိုင်ခဲ့ပြီး ဗန်ဒီဘိခ်က မန်ချက်စတာ ယူနိုက်တက် အတွက် တလုံးထဲသော အနိုင်ဂိုးကို မြေမကျကန်ချက်နဲ့ လှလှပပ သွင်းယူပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၁-၀ လိုင်ယွန် ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အပိုင် ဂိုးသွင်းခွင့်တွေကို လွဲချော်ခဲ့တဲ့ ဆန်ချိုတို့ လူစုကို ဆူသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော်တို့က ပထမပိုင်း အစမှာပဲ အပိုင် ဂိုးသွင်းခွင့် ၃ကြိမ် ရရှိခဲ့ပါတယ်။ ဒါပေမယ့် တဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ အဲ့ဒီအချက်ကို ထောက်ပြ ဝေဖန်ချင်ပါတယ်။ ကျွန်တော်တို့က အပိုင် ဂိုးသွင်းခွင့်တွေ ရလာရင် သေချာပေါက် ဂိုးသွင်းနိုင်ရပါမယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ရာသီမှာလည်း ဒီလိုမျိုး အပိုင်ဂိုးသွင်းခွင့် လွဲချော်တဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်တွေကို ညှာတာမှု ကင်းမဲ့စွာ အနိုင်ယူတတ်ဖို့ လိုပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။