MySport Myanmar

မက်ဂွိုင်းယားက ထိပ်တန်း ခံစစ်မှူး ဖြစ်တာကြောင့် မဝေဖန်ကြဖို့ ပြောလာတဲ့ တန်ဟက်ဂ်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်တာကြောင့် မက်ဂွိုင်းယားကို ဝေဖန်မှုတွေ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တဦး ဖြစ်ခဲ့ပေမယ့် ၂၀၂၁ခုနှစ် နောက်ပိုင်းမှာ ခြေစွမ်းတွေ တဟုန်ထိုး ကျဆင်းသွားခဲ့သူ ဖြစ်ပြီး မကြာသေးမီကလည်း ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချခံထားရပါတယ်။

Photo Credit: 90 Min

ဟယ်ရီ မက်ဂွိုင်းယားက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပွဲထွက် ကစားခွင့် မရသေးပေမယ့် အင်္ဂလန်အသင်း အတွက် တောက်လျှောက် ပါဝင် ကစားခွင့် ရနေပါတယ်။

ယူနိုက်တက်မှာ ကစားခွင့် မရပဲ အင်္ဂလန်မှာ တောက်လျှောက် ကစားခွင့် ရနေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ အများစုနဲ့ အင်္ဂလန်ပရိသတ်တွေက မက်ဂွိုင်းယားနဲ့ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး တချို့ပရိသတ်တွေဆိုရင် မက်ဂွိုင်းယားရဲ့ မိသားစုဝင်တွေဆီ ခြိမ်းခြောက်စာတွေပါ ပို့ခဲ့ကြပါတယ်။

Photo Credit: MEN

ဒါကြောင့်ပဲ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ် အပါအဝင် မက်ဂွိုင်းယားရဲ့ အင်္ဂလန် အသင်းဖော်တွေက အင်တာဗျူးတွေမှာ မက်ဂွိုင်းယားကို ကာကွယ်ပေးခဲ့ကြသလို မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ကလည်း မက်ဂွိုင်းယားဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်သလို ပါဝင် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာကြောင့် မက်ဂွိုင်းယားကို ဝေဖန်မှုတွေ ရပ်သင့်ပြီ ဖြစ်ကြောင်း ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောပြီးပါပြီ။ ဒီဝေဖန်မှုတွေက သူ့ကို မလေးစားရာ ရောက်ပါတယ်။ မက်ဂွိုင်းယားက ထိပ်တန်း ခံစစ်မှူး တဦး ဖြစ်သလို ထိပ်တန်း စွမ်းဆောင်ရည်တွေ ပြသထားနိုင်သူပါ။ အဲ့ဒီ ဝေဖန်မှုတွေက မက်ဂွိုင်းယားအပေါ် သက်ရောက်မှုတွေ ရှိပါတယ်။ မက်ဂွိုင်းယားက ဒါတွေကို နားမယောင်ပဲ နေဖို့ လိုပါတယ်။ ပြီးတော့ အဲ့ဒီဝေဖန်မှုတွေက ရူးသွပ်တဲ့ ဝေဖန်မှုတွေပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version