မန်စီးတီးအသင်းရဲ့လူငယ်နောက်ခံကစားသမား အဲရစ်ဂါဆီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားတော့မှာမဟုတ်ဘူးလို့ လူသိရှင်ကြား ပြောကြားထားခဲ့ပြီးနောက် သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း ဂါဆီယာကိုယ်တိုင်ကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားမှာမဟုတ်ပဲ မန်စီးတီးမှာပဲ နောက်တစ်နှစ် ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် မန်စီးတီးနောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကပဲ မန်စီးတီးအသင်းနဲ့အတူ ပွဲထွက်ခွင့်တွေကို ပိုင်ဆိုင်လာခဲ့ရတာဖြစ်ပြီး သူရဲ့ခံစစ်စွမ်းရည်ပိုင်းကြောင့် စပိန်လက်ရွေးစင်အသင်းမှာပါ ပထမဆုံးအကြိမ်အဖြစ်နဲ့ ရွေးချယ်ခံလာခဲ့ရပါတယ်။ ဒီလို အရည်အသွေးပိုင်း တိုးတတ်လာခဲ့တဲ့ လာမာစီယာအကယ်ဒမီထွက် အသင်းသားဟောင်းကို ဘာစီလိုနာဘက်ကနေ ပြန်လည်ခေါ်ယူသွားချင်နေပေမယ့်လည်း ဂါဆီယာကိုယ်တိုင်က မန်စီးတီးမှာပဲ တစ်ရာသီခန့် ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

စပိန်နောက်ခံကစားသမား ဂါဆီယာက “ကျွန်တော်အနေနဲ့ ကျွန်တော်နဲ့ မန်စီးတီးအသင်းတို့ကြား စာချုပ်သက်တမ်း ကုန်ဆုံးသွားမယ့် ၂၀၂၁ခုနှစ်အထိပဲ အသင်းမှာပဲ ဆက်လက်ရှိနေမယ် သက်တမ်းမတိုးတော့ဘူးဆိုတာတွေက အမှန်ပါပဲ။ ဒါပေမယ့် စပိန်လက်ရွေးစင်အသင်းအတွက် UEFA Nations League ပြိုင်ပွဲတွေကို ပါဝင်ကစားပြီးနောက်မှာတော့ မန်ချက်စတာကိုပဲ ပြန်သွားမှာပါ။ ကျွန်တော်ရဲ့လက်ကျန်ရာသီအတွက် မန်စီးတီးအသင်းအပေါ်မှာပဲ အာရုံစိုက်သွားမှာပါ” လို့ Marca သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြလူးဝစ်အင်းနရစ်အနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင်ကစားသွားရမယ့် Nations League ပွဲစဉ်တွေအတွက် ဂါဆီယာကို လူစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်သွားခဲ့ပြီး ဂါဆီယာလည်း ဂျာမနီ ယူကရိန်းအသင်းတို့နဲ့ပွဲစဉ်တွေမှာ စပိန်အသင်းနဲ့ ပွဲထွက်ကစားရဖွယ် ရှိလို့နေပါတယ်။ ဒီလို လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံထားရတဲ့ နောက်ခံလူဂါဆီယာကို ဘာစီလိုနာအသင်းဘက်ကနေ ခေါ်ယူချင်နေပေမယ့် လက်ရှိမှာ ကစားသမားကိုယ်တိုင်က မန်စီးတီးမှာ တစ်ရာသီလောက် ဆက်လက်ရှိနေချင်သေးတဲ့အတွက် လာမယ့်နှစ်နွေစျေးကွက်မှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရဖွယ် ရှိနေပါတယ်။