Manchester City ရဲ့ ဒဏ္ဍာရီ Kevin De Bruyne ဟာ Premier League ကို ပြန်လာဖို့ အလားအလာ ရှိနေပါပြီ။ Calciomercato ရဲ့ သတင်းအရ Everton က ဘယ်လ်ဂျီယံ ကစားသမားဘက်နဲ့ ဆက်သွယ်မှုတွေ စတင်ထားပြီး ဇန်နဝါရီမှာ အံ့အားသင့်ဖွယ် ပြောင်းရွှေ့မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
De Bruyne ဟာ City မှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီး Premier League ဖလား ခြောက်ကြိမ် ဆွတ်ခူးခဲ့သူပါ။ ပွဲ ၂၈၈ ပွဲမှာ ဂိုးနဲ့ assist ပေါင်း ၂၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ယမန်နွေရာသီက Napoli ကို ပြောင်းပြီးနောက် Serie A မှာ ထင်သလောက် မထွန်းပေါက်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေပုံရတယ်လို့ အီတလီသတင်းက ဆိုပါတယ်။
Everton ကတော့ ဒီရာသီ Premier League မှာ ဆဌမနေရာအထိ တက်လှမ်းနေပေမဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အားနည်းခဲ့ပါတယ်။ Beto ကို အစားထိုးမရှာဘဲ ရောင်းလိုက်လို့ Thierno Barry တစ်ယောက်တည်းသာ No.9 အဖြစ် ကျန်ပြီး Seamus Coleman အငြိမ်းစားယူပြီးနောက် ကွင်းလယ်လူ Merlin Rohl က ညာဘက်နောက်တန်း နေရာ ယူနေရပါတယ်။ City ဆီက ငှားရမ်းထားတဲ့ Jack Grealish ကလည်း စည်းကမ်းချိုးဖောက်မှုကြောင့် David Moyes ရဲ့ အသင်းကနေ ဖယ်ရှားခံထားရပါတယ်။
De Bruyne ရဲ့ Napoli စာချုပ်က ၂၀၂၇ အထိ ရှိပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိပါတယ်။ Transfermarkt အရ သူ့တန်ဖိုးက ယူရို ၈ သန်းဖြစ်ပြီး ဥက္ကဋ္ဌ Aurelio De Laurentiis က ရာသီလယ်မှာ လွှတ်ပေးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ Everton ကတော့ နိုင်ငံတကာပွဲစဉ်အနားယူချိန် ပြီးဆုံးရင် Brentford ကွင်းကို ချီတက်ရမှာ ဖြစ်ပါတယ်။
