မနေ့ညက ကစားသွားခဲ့တဲ့ ဝက်ဖိုဒ့်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၈)မှာတော့ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအားလုံးကို Shock ရသွားစေတဲ့ ရလဒ်အဖြစ် ဝက်ဖိုဒ့်အသင်းက ၃ဂိုး ဂိုးမရှိနဲ့ကို ဂိုးပြတ်နိုင်ပွဲရခဲ့ပြီး လီဗာပူးလ်ကိုလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးသောရှံးပွဲကိုပါ ကြုံတွေ့စေခဲ့ရပါတယ်။ တန်းဆင်းဇုန်အတွင်းမှာ ရုန်းကန်နေရတဲ့ ဝက်ဖိုဒ့်လို အသင်းတစ်သင်းက လီဗာပူးလ်လို အတိမ်းအစောင်းမရှိ နိုင်ပွဲပေါင်းများစွာ ရယူလို့နေတဲ့ အသင်းကြီးတစ်သင်းကို ဒီလိုရလဒ်မျိုးတွေ ရယူနိုင်ခဲ့တာက အရမ်းကို အ့ံအားသင့်စရာကောင်းခဲ့ရလို့ ဝက်ဖိုဒ့်ကို ဘောလုံးပရိသတ်တွေများက ဝိုင်းဝန်းချီးမွမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Getty Images

ဝက်ဖို်ဒ့်အသင်းက ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရခဲ့လို့ နည်းပြအပြောင်းအလဲများစွာ လုပ်ဆောင်ခဲ့ရပြီး နောက်ဆုံးမှာတော့ လက်စတာနည်းပြဟောင်း နီဂယ်ပီယာဆန်ကို ခန့်အပ်လိုက်ပြီးမှသာ ဝက်ဖိုဒ့်လည်း တစ်ဆစ်ချိုး ပြောင်းလဲလာခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း ဂိုးပြတ်အနိုင်ယူခဲ့သလို အခုလည်း လီဗာပူးလ်လို ဒီရာသီမှာ ဘယ်ပရီးမီးယားလိဂ်အသင်းမှ ရပ်တန့်လို့မရနိုင်သေးတဲ့ အသင်းတစ်သင်းမျိုးကို မဖြစ်နိုင်စရာ ရလဒ်မျိုးဖြစ်တဲ့ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့ပတ်သက်ပြီး ပီယာဆန်က သူ့အသင်းသားတွေအားလုံးကို ချီးမွမ်းခဲ့ပေမယ့် သွင်းဂိုး၂ဂိုး ရယူနိုင်ခဲ့တဲ့ အစ်မိုင်လာဆားလ်ကို ပိုပြီးချီးကျူးသွားခဲ့ပါတယ်။

Photo Credit : Getty Images

ပီယာဆန်က “အခုလက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကို ကျွန်တော်တို့ကစားပုံကနေ သက်သေပြခဲ့နိုင်ပါတယ်။ ကျွန်တော်တို့တွေ ဒီပွဲမှာ လီဗာပူးလ်ထက် ပိုကောင်းအောင် ကစားပြနိုင်ခဲ့တယ်။ ကစားသမားတွေအားလုံးရဲ့စွမ်းဆောင်ရည်တွေအတွက် ကျွန်တော်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီ၃မှတ်ကလည်း ကျွန်တော်တို့အသင်းအတွက် အသက်တမျှကို အရးကြီးနေပါတယ်။ ရှေ့ဆက်ပြီး ၁၀ပွဲ ဆက်ကစားရဦးမှာဖြစ်လို့ ဒီလက်ကျန်ပွဲတွေအားလုံးကလည်း အသင်းတန်းမဆင်းရရေးအတွက် အလွန်ကို အရေးကြီးပါတယ်။ ဆားလ်ကတော့ ငယ်ရွှယ်ပြီး အရည်အချင်းအပြည့်ရှိတဲ့ ကြယ်ပွင့်ကစားသမားလေးပါ။ သူရဲ့စွမ်းဆောင်ရည်တွေက ဒီနိုင်ပွဲအတွက် အဓိကကျတဲ့နေရာကနေကို ပါဝင်ခဲ့တာပါ။ သူ့လို ကစားသမားမျိုးကို အသင်းမှာ ဆက်လက်ရှိနေနိုင်အောင် ကျွန်တော်တို့ဘက်ကနေ အစွမ်းကုန်ထိန်းချုပ်ရမှာပါ” လို့ ပြောဆိုလိုက်ပါတယ်။