ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၂-၁ လီဗာပူး ပွဲအပြီးမှာ ကွင်းလယ်ဒိုင် ဟူးပါးဟာ စပါးဘက်ကနေ ဝင်ရောက် ကူညီခဲ့တယ်လို့ အဓိပ္ပါယ် ရတဲ့ စာသားမျိုးကို လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့တဲ့ လီဗာပူးကွင်းလယ်လူ အယ်လစ္စတာကို အပြစ်ပေးဖို့ စွဲချက်တင်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

စပါး ၂-၁ လီဗာပူး ပွဲစဉ်က ယခုတပတ်မှာ လူပြောအများဆုံး ဖြစ်ခဲ့တဲ့ ဘောလုံးပွဲ ဖြစ်ပြီး အဆိုပါပွဲမှာ ကွင်းလယ်ဒိုင် ဟူးပါးနဲ့ VARဒိုင် ဒါရင်းတို့ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် ဧည့်သည် လီဗာပူးတို့ အတော်လေးကို နစ်နာခဲ့ရပါတယ်။

Photo Credit: Talksports

ဟူးပါးနဲ့ ဒါရင်းတို့က အဆိုပါပွဲမှာ လီဗာပူးရဲ့ ကစားသမား ၂ဦး ဖြစ်တဲ့ ကာတစ်ဂျုံးစ်နဲ့ ဂျိုတာတို့ကို အနီကတ်တွေနဲ့ ထုတ်ပယ်ခဲ့သလို လီဗာပူးတိုက်စစ်မှူး ဒီယက်ဇ်ရဲ့ သွင်းဂိုးကိုလည်း လူကျွံတယ်လို့ ယူဆကာ ဂိုးပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဟူးပါးနဲ့ ဒါရင်းတို့ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့်ပဲ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ်က အဆိုပါပွဲအပြီးမှာ လီဗာပူးကို တရားဝင် ပြန်လည် တောင်းပန်ခဲ့ပေမယ့် လီဗာပူးရဲ့ တာဝန်ရှိသူတွေ ၊ ကစားသမားတွေနဲ့ ပရိသတ်တွေကတော့ ဒိုင်အဖွဲ့ချုပ်ရဲ့ တောင်းပန်မှုကို လက်မခံခဲ့ပါဘူး။

Photo Credit: Goal

ဒါ့အပြင် လီဗာပူးကွင်းလယ်လူ မက် အယ်လစ္စတာက သူ့ရဲ့ နိုင်ငံအသင်းဖော် ဖြစ်သလို စပါးနောက်ခံလူလည်း ဖြစ်တဲ့ ရိုမဲရိုးရဲ့ လူမှုကွန်ယက် ပို့စ်တခုအောက်မှာ “မင်းတို့အသင်းက ၁၂ယောက် ကစားလို့ နိုင်သွားတာပါ” ဆိုပြီး ကွင်းလယ်ဒိုင် ဟူးပါးဟာ စပါးဘက်ကနေ ဝင်ကစားခဲ့တယ်လို့ အဓိပ္ပါယ် ရတဲ့ စာသားကို ရေးသားကာ ဒိုင်အဖွဲ့ကို ဝေဖန်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လီဗာပူးရဲ့ နစ်နာမှုတွေ အတွက် စာနာပေမယ့် ဒိုင်အဖွဲ့ကို လူမှုကွန်ယက်မှာ ဝေဖန်ခဲ့တဲ့ လီဗာပူးကွင်းလယ်လူ အယ်လစ္စတာကို ဒိုင်လူကြီးအား ဝေဖန်မှုနဲ့ အရေးယူဖို့ စွဲချက်တင်ထားပြီး အယ်လစ္စတာဟာ ငွေဒဏ် (သို့) ပွဲပယ်ဒဏ် ချမှတ်ခံရဖို့ နီးစပ်နေကြောင်း သိရှိရပါတယ်။