အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းမှာ ပါဝင်ကစားနေတဲ့ အသက်(၂၁)နှစ်အရွယ် လူငယ် ကွင်းလယ်ကစားသမားတစ်ဦးက ၂၀၂၂ခုနှစ်အတွင်းမှာပဲ ဥရောပရဲ့ နာမည်ကြီး ကလပ်အသင်းတစ်ခုဖြစ်တဲ့ ဘင်ဖီကာကို ပြောင်းရွှေ့ခွင့်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ခွင့်ရကာ အသင်းနဲ့ပါ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ရုံသာမကပဲ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုလည်း ဆွတ်ခူးခဲ့သေးတဲ့အပြင် အခု လက်ရှိမှာ ချယ်လ်ဆီးကစားသမားသစ် ဖြစ်လာဖို့ အရမ်း နီးစပ်လာခဲ့ပါတယ်။ သူကတော့ အန်ဇိုဖာနန်ဒက်ဇ်ပါပဲ။

Photo Credit : ESPN

အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ဖခင် ဘောလုံးကို ရူးသွပ်တဲ့ ဖခင်ဖြစ်သူက ဥရုဂွေး ဂန္တဝင် ဘောလုံးသမားဟောင်းကြီး အန်ဇိုဖရန်ဆက်စကိုလီ ကို နှစ်သက်လွန်းသူဖြစ်လို့ အန်ဇိုဖာနန်ဒက်ဇ်ဆိုပြီး အမည်ပေးခဲ့ရာကနေ တဖြည်းဖြည်းနဲ့ အန်ဇိုရဲ့ ဘောလုံးသမားဘဝက စတင်လာခဲ့ကာ (၅)နှစ်သားအရွယ်မှာပဲ ရေးဗားပလိတ် လူငယ်အကယ်ဒမီဆီ ရောက်ရှိခဲ့ပါတယ်။ ရေးဗားပလိတ် စီနီယာအသင်းအတွက် မကစားရခင်မှာ ချယ်လ်ဆီး ကစားသမားဟောင်းကြီး ဟာနန်ခရက်စပို ကိုင်တွယ်နေတဲ့ Defensa y Justicia ဆိုတဲ့ အာဂျင်တီးနားကလပ်မှာ အငှားနဲ့ ကစားခဲ့ရပြီး Defensa y Justicia အသင်းနဲ့အတူ ဥရောပမှာဆိုရင် ယူရိုပါလိဂ်အဆင့်လောက်ရှိမယ့် Copa Sudamericana ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

Photo Credit : Time News

Defensa y Justicia နဲ့ တောက်ပခဲ့တဲ့ အန်ဇိုကို ရေးဗားပလိတ်က ပြန်လည် ခေါ်ယူပြီး အသင်းမှာ ပွဲကစားခွင့်တွေ ခွင့်ပြုခဲ့ရာ အန်ဇိုကလည်း ဒီအခွင့်အရေးတွေကို အသုံးချနိုင်ခဲ့သလို အာဂျင်တီးနား အမှတ်ပေးလိဂ်ဖလားကိုလည်း အသင်းနဲ့အတူ ဆွတ်ခူးခဲ့ပါတယ်။ ဒီနှစ်နွေရာသီမှာတော့ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာအသင်းဆီ ယူရို(၁၀)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်ဇိုဟာ ကလပ်အသင်းရဲ့ legend ကြီး အူဆီဘီယိုရဲ့ ကျောနံပါတ် (၁၃)ကို ဝတ်ဆင်ခဲ့ရပြီး ပွဲဦးထွက်မှာပဲ အသင်းအတွက် တာထွက်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဘင်ဖီကာနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တောက်ပလာခဲ့တဲ့ အန်ဇိုကို နည်းပြစကာလိုနီက အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ရွေးချယ်လာခဲ့ပြီး ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပါ ရွေးချယ်ခဲ့ရာ ကမ္ဘာ့ဖလားမှာပါ ထပ်မံ တောက်ပနိုင်ခဲ့တဲ့အပြင် ကမ္ဘာ့ဖလားနဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုအထိပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီလို တောက်ပနေတဲ့ တောင်အမေရိက ကြယ်ပွင့်လေးဟာ အခုဆိုရင် လန်ဒန်မြေက စတမ်းဖို့ဒ်ဘရစ်ချ် ဘောလုံးကွင်းကြီးထဲမှာ ဆက်လက် တောက်ပနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိလာခဲ့ရပြီ ဖြစ်ပါတယ်။