လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် (၂၂) မှတ် ဖြတ်ပြီး ဦးဆောင်နေပေမဲ့ ကိုရိုနာ ဗိုင်းရပ်ရောဂါကြောင့် ရာသီကုန်အထိ မကစားရဘဲ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းလိုက်မယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ဆုဖလားကို မရဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။ သတင်းတွေအရ လက်ရှိမှာ “သီးသန့် စည်းမျဉ်း” မထုတ်ပြန်ရသေးတာကြောင့်မို့ တကယ်လို့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) ပွဲ အပြည့် မကစားရဘူး ဆိုရင် တန်းဆင်းဇုန်အသင်း (၃) သင်းကို တန်းမဆင်းစေဘဲ ပြိုင်ပွဲကို အသစ်ကနေ ပြန်ကစားသွားဖွယ် ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Dailymail

လက်ရှိမှာတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ နိုင်ငံပေါင်း (၅၀) အထိကို ပျံ့နှံသွားခဲ့တာကြောင့် လူပေါင်း (၈) သောင်းကျော် ကူးစက်ခံရပြီး (၂) သောင်းကျော် သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆွစ်ဇာလန် အစိုးရဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ဘောလုံး ပြိုင်ပွဲတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာကြောင့် ယခုအပတ် ကစားရမယ့် ပွဲစဉ်တွေ အားလုံးကို မကစားကြဘဲ ဖျက်သိမ်းခဲ့ကြတယ်လို့ DailyMail သတင်းက ဖော်ပြသွားပါတယ်။

Photo Credit: Dailymail

တကယ်လို့ အင်္ဂလန် အစိုးရအနေနဲ့ ဆွစ်ဇာလန် အစိုးရရဲ့ လမ်းစဉ်ကို လိုက်သွားမယ်ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းရမှာ ဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ မဖြစ်နိုင်ဘဲ လက်လွတ်သွားနိုင်ပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ ဥရောပ နိုင်ငံတွေမှာ လျှင်လျှင်မြန်မြန် ပျံ့နှံ နေတာကြောင့် အင်္ဂလန် အစိုးရအနေနဲ့ ဘောလုံး ပြိုင်ပွဲကို ဖျက်သိမ်းနိုင်ချေ ရှိနေပါတယ်။ ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ ကူးစက်လွယ်တဲ့ ရောဂါ ဖြစ်တာကြောင့် လူများစွာ လာရောက် ကြည့်ရူရတဲ့ ဘောလုံး ပွဲစဉ်မှာ ရောဂါရှိသူ တစ်ဦး ပါလာရင် အကုန် ကူးစက်နိုင်ပါတယ်။ အီတလီနိုင်ငံမှာတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားနေပြီ ဖြစ်တယ်လို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့တာကြောင့် စီးရီးအေ ပွဲစဉ် အချို့ကို ရွေ့ဆိုင်းခဲ့ကြရတာပဲ ဖြစ်ပါတယ်။