စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို လက်ရှိမှာ စပိန်အသင်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ လူးဝစ် အင်းနရစ် ကတော့ သူ့ရဲ့ တပည့်ဟောင်း တဦး ဖြစ်သူ ဇာဗီဟာ ဘာစီလိုနာအသင်းကို အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်မယ့် နည်းပြကောင်း ဖြစ်ကြောင်း ထောက်ခံ အားပေးစကား ပြောကြားသွားပါတယ်။

ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် အသင်းရဲ့ အဓိက ကစားသမားတွေကို အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ထွက်ခွာခွင့် ပေးထားရတဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ရလဒ်တွေ ဆိုးဝါးခဲ့တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီး ကာတာကလပ် အယ်လ်ဆတ်အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ ဂန္တဝင် ကစားသမား ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: AS English

ဒါပေမယ့် ဇာဗီရဲ့ လက်အောက်မှာလည်း ဘာစီလိုနာအသင်းရဲ့ ရလဒ်ပိုင်းဟာ သိသိသာသာ တိုးတက်လာခြင်း မရှိပဲ ကစားသမား အင်အား နည်းပါးမှုတွေကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို လာလီဂါပြိုင်ပွဲမှာလည်း အဆင့်၈နေရာ အထိ ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီအပေါ် ဝေဖန်မှုတွေ အနည်းငယ် ထွက်ပေါ်လာခဲ့ပြီး ဘာစီလိုနာအသင်းမှာ ဇာဗီနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အင်းနရစ် ကတော့ ဇာဗီဟာ ဘာစီလိုနာကို ယခင်ကလို အောင်မြင်မှုလမ်းကြောင်းဆီ ပြန်လည် ပို့ဆောင်ပေးနိုင်မယ့် နည်းပြကောင်း တဦး ဖြစ်တာကြောင့် စိတ်ရှည်သည်းခံပေးကြဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

 

Photo Credit: AS English

အင်းနရစ်က – “ဇာဗီက ရလဒ်ဆိုးတွေကြောင့် ယုံကြည်မှု ကျဆင်းနေတဲ့ အသင်းတသင်းကို တာဝန်ယူခဲ့ရတာပါ။ ဒါကြောင့် သူ့အတွက် အရေးကြီးဆုံးက ရလဒ်ဆိုးတွေကို ပြောင်းပြန် လှန်ပစ်ဖို့ပါပဲ။ ဒါပေမယ့် ရလဒ်တွေ ပြန်ကောင်းလာဖို့ ဆိုတာ ဆေးတလုံး သောက်လိုက်ရုံနဲ့ ရနိုင်တဲ့ အရာတခု မဟုတ်ပါဘူး။ စိတ်ရှည်သည်းခံပြီး ကိုယ်ဘာလုပ်နေလဲ ဆိုတာကို သိမှသာ ရလဒ်ကောင်းတွေ ရလာမှာပါ။ ဒါကြောင့် မကြာခင် အောင်မြင်မှုတွေ ပြန်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အားလုံးကလည်း ဇာဗီဟာ ဘာစီလိုနာအသင်းကို အောင်မြင်မှု လမ်းကြောင်းဆီ ပို့ဆောင်ပေးနိုင်မယ် လို့ ယုံကြည်ထားပါတယ်။ အချိန်တော့ လိုပါလိမ့်မယ်။ ဒါပေမယ့် သုံးသပ်သူတွေ မှန်းထားတဲ့ အချိန်ထက် တိုတောင်းတဲ့ အချိန်ကာလ တခုမှာပဲ ဇာဗီက အောင်မြင်မှုတွေ ရယူနိုင်ပါလိမ့်မယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။