ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်တဲ့ အင်းနရစ်ကတော့ လီဗာပူးကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံမှန် ပွဲထွက်ခွင့် မရပဲ အရန်ခုံမှာသာ အချိန်ကုန်နေရတဲ့ နယ်သာလန် ကွင်းလယ်လူ ဝစ်နယ်ဒန်ကို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ထံ အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဝစ်နယ်ဒန်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ လီဗာပူးကနေ ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football London

ဝစ်နယ်ဒန်ဟာ ပေါက်ကွဲအား ကောင်းတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ ရှားပါး ကွင်းလယ်လူ ဖြစ်တာကြောင့် ပီအက်စ်ဂျီ အတွက် ပါဝင် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ထိပ်တန်း ကစားသမားတွေ များပြားတဲ့ ပီအက်စ်ဂျီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ ဝစ်နယ်ဒန်က ယခု ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပြီး ကွင်းလယ်ပိုင်းကို အားဖြည့်နေတဲ့ အာဆင်နယ်က ဝစ်နယ်ဒန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Football London

လီဗာပူးအသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အင်းနရစ်ကတော့ ဝစ်နယ်ဒန်ကို အာဆင်နယ်မှာ မြင်တွေ့ချင်နေပြီး ဝစ်နယ်ဒန်အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အာဆင်နယ်ဆီ ပြောင်းရွှေ့ ကစားသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

အင်းနရစ်က – “လီဗာပူးကနေ ထွက်ခွာခဲ့တာက ဝစ်နယ်ဒန်ရဲ့ အမှားလို့ မပြောချင်ပါဘူး။ အခု မိုဟာမက် ဆာလာ ဖြစ်နေသလိုပဲပေါ့။ သူကလည်း အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတာပါ။ ဂျာဂင် ကလော့ပ်က ဝစ်နယ်ဒန်ကို အတော်လေး ယုံကြည်ခဲ့ပြီး ဝစ်နယ်ဒန်ကို လက်လွှတ်လိုက်ရတာက လီဗာပူးရဲ့ အမှားလို့တောင် ပြောလို့ရပါတယ်။ ဝစ်နယ်ဒန်က ပီအက်စ်ဂျီမှာ ကစားခွင့် မရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲက ဘယ်လောက် အထိ ကောင်းမွန်လဲ ဆိုတာကိုပါ သိသူပါ။ ဒါကြောင့် သူ့အနေနဲ့ လန်ဒန်မြို့ (အာဆင်နယ်)ဆီ သွားကစားသင့်ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး လီဗာပူး ပရိသတ်တွေက မကျေနပ်နိုင်ပေမယ့် နည်းပြကောင်း တဦး ဖြစ်တဲ့ အာတီတာရဲ့ လက်အောက်မှာ ဝစ်နယ်ဒန် ကစားတာကို မြင်တွေ့ရမှာက ကျေနပ်စရာ ကောင်းတဲ့ ကိစ္စတရပ်ပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။