ပီအက်စ်ဂျီ နည်းပြသစ် လူးဝစ် အန်နရီကေးက သူ့အသင်းဟောင်း ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် စပိန် ကွင်းလယ် ကစားသမားလေး ပတ်ဒရီကို ပီအက်စ်ဂျီအသင်းဆီ ခေါ်ဆောင်သွားချင်နေတယ်လို့ psg community ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီက အသင်းရဲ့ ကွင်းလယ်လူ မာကို ဗာရက်တီကို ဆော်ဒီ ကလပ် အယ်လ် ဟီလယ်အသင်းဆီ ရောင်းချသွားရဖို့ ရှိနေတာကြောင့် ဗာရက်တီနေရာအတွက် ပတ်ဒရီလို ငယ်ရွယ်ပြီး အရည်အသွေး ပြည့်ဝတဲ့ ကစားသမားမျိုးနဲ့ ပြန်လည် အစားထိုးချင်နေပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ပတ်ဒရီက ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ငယ်မွေးခြံပေါက် ကစားသမား ဖြစ်နေတာကြောင့် အသင်းကနေ အလွယ်တကူ လက်လွတ်သွားဖို့ မရှိနိုင်ပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေကြောင့်နဲ့ ဒီဈေးကွက်အတွင်း အသင်းမှာ အထွက် ကစားသမား နည်းပါးနေမှုတွေကြောင့် မြင့်မားတဲ့ ကမ်းလှမ်းချက်သာ ရရှိလာခဲ့ရင် ဘာစီလိုနာအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။

စပိန် လက်ရွေးစင် နည်းပြဟောင်း အန်နရီကေးကတော့ စပိန်အသင်းကို ကိုင်တွယ်ခဲ့စဉ် ကတည်းက သူရဲ့လက်အောက်မှာ ပါဝင် ကစားခဲ့ဖူးတဲ့ ပတ်ဒရီရဲ့ ဘောလုံး အရည်အသွေးတွေနဲ့ ရင်းနှီးနေခဲ့ဖူးတာကြောင့် ပီအက်စ်ဂျီအသင်းဆီ အရ ခေါ်ဆောင်ဖို့ အသင်း တာဝန်ရှိသူတွေကိုပါ တောင်းဆိုမှု ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

Photo Credit : Marca

ပီအက်စ်ဂျီက အရင်ကတည်းက ဘာစီလိုနာ ကစားသမားတွေကို အဆက်မပြတ် ခေါ်ယူခဲ့ဖူးတဲ့ ကလပ်အသင်း ဖြစ်နေတာနဲ့အညီ အခုလည်း ပတ်ဒရီသာမက ဒမ်ဘီလီကိုပါ ချိန်ရွယ်လျက် ရှိနေပြီး တချို့ outlet မှာဆို ဒမ်ဘီလီနဲ့ သဘောတူညီမှု ရရှိနေပြီလို့ပါ ဖော်ပြလာခဲ့ပါတယ်။

ဒမ်ဘီလီ နဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးအရ အခု ဇူလိုင် (၃၁)ရက်နေ့အထိဆိုရင် လျော်ကြေးတန်ဖိုးက ယူရို သန်း(၅၀)သာ ရှိနေမှာဖြစ်ပြီး အဲ့ဒီရက်ကို ကျော်လွန်သွားမှသာ ယူရို သန်း(၁၀၀)အထိ မြှင့်တတ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီက ဒမ်ဘီလီကို ယူရို သန်း(၅၀)နဲ့ အရ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ပတ်ဒရီအတွက်လည်း ယူရို သန်း(၁၀၀)ထိ သုံးစွဲဖွယ် ရှိနေပါတယ်။