၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွဲခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းကို နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့သော နည်းပြလူးဝစ်အင်းနရစ်ဟာ အသင်းကို ရှုံးထွက်(၁၆)သင်းအဆင့်ထိသာ ပို့ဆောင်နိုင်ခဲ့ပြီးတဲ့နောက် စပိန်နည်းပြရာထူးကနေ တရားဝင် နုတ်ထွက်ဖြစ်ခဲ့ပြီး လက်ရှ်ိအချိန်မှာတော့ ကလပ်အသင်း နည်းပြအဖြစ်နဲ့ နည်းပြနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာချင်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
Photo Credit : Marca
အသက်(၅၂)နှစ်အရွယ်ရှိ စပိန်လူမျိုး ဘောလုံးနည်းပြ အင်းနရစ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် ၂၀၀၈ခုနှစ်မှာပဲ ဘာစီလိုနာ အရန်နည်းပြအဖြစ်နဲ့ စတင် ဆောင်ရွှက်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာတော့ ရိုးမားနည်းပြ ဖြစ်လာခဲ့ရပါတယ်။ ရိုးမားမှာ တစ်နှစ်သာ ကြာမြင်ခဲ့ပြီး ဆယ်လ်တာဗီဂိုအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အင်းနရစ်ဟာ ဆယ်လ်တာမှာလည်း တစ်နှစ်ပဲ ကိုင်တွယ်ခဲ့ကာ ၂၀၁၄ခုနှစ်မှာတော့ ဘာစီလိုနာအသင်းဆီ ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။ သူရဲ့ ဘာစီလိုနာနည်းပြဘဝ ပထမဆုံး ဘောလုံးရာသီမှာပဲ အသင်းနဲ့အတူ ချန်ပီယံလိဂ် လာလီဂါနဲ့ ကိုပါဒယ်ရေးဖလားတွေကို ရယူပေးနိုင်ခဲ့ပြီး ဖလား(၃)လုံး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
Photo Credit : The Globe and Mail
ဘာစီလိုနာမှာ အောင်မြင်မှုတွေ ရယူခဲ့ပြီးတဲ့နောက် စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်ဦး ဖြစ်လာခဲ့ပြန်တဲ့ အင်းနရစ်က စပိန်ကို ၂၀၂၀-၂၀၂၁ နေးရှင်းစ်လိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ (၁၆)သင်းအဆင့်မှာ မော်ရိုကိုအသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ လှည့်ပြန်ထားခဲ့ရတာကြောင့် နောက်ဆုံးမှာ လက်ရွေးစင်နည်းပြ ရာထူးကို စွန့်လွှတ်လိုက်ဖို့ပါ ဆုံးဖြတ်သွားခဲ့ပါတယ်။ လက်ရှိ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ အင်းနရစ်က “ကျွန်တော် ကလပ်အသင်း နည်းပြအဖြစ် ပြန်လည် လုပ်ဆောင်လိုပါတယ်။ စပိန်နဲ့ အတွေ့အကြုံတွေ ရရှိပြီးနောက်မှာ ကလပ်အသင်း တစ်သင်းသင်းကို ပြန်ပြီး နည်းပြလိုပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ လတ်တလော ထွက်ရှိနေတဲ့ သတင်းတွေအရတော့ လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းဟာ ရလဒ်ဆိုးတွေ ဆက်တိုက် ရရှိနေတာကြောင့် အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီနေရာမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်နဲ့ ပြန်လည် အစားထိုးသွားချင်နေပြီး စောင့်ကြည့်လျက် ရှိနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။