MySport Myanmar

ဒမ်ဘီလီ ရပြီးရင်တောင် ဖာတီကို ထပ်ပြီး လိုချင်နေသေးတဲ့ အန်နရီကေး

ပီအက်စ်ဂျီ နည်းပြသစ် လူးဝစ် အန်နရီကေးကတော့ သူ့အသင်းဟောင်း ဘာစီလိုနာကနေ အူစမန် ဒမ်ဘီလီကို ခေါ်ယူဖို့ နီးစပ်နေချ်ိန်မှာပဲ နောက်ထပ် ဘာစီလိုနာ ကစားသမားတစ်ဦးအဖြစ် အန်ဆူ ဖာတီကိုပါ ထပ်မံ ခေါ်ယူသွားချင်နေပြန်တယ်လို့ သိရှိရပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း နည်းပြ အန်နရီကေးကို နည်းပြသစ်အဖြစ် မခန့်အပ်ခင်ကတည်းက ကစားသမားသစ်တွေ အမြောက်အများ ခေါ်ယူထားခဲ့ပြီး အခုလည်း ဘာစီလိုနာက ဒမ်ဘီလီ နဲ့ ဘင်ဖီကာက ရာမို့စ်ကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Marca

ပီအက်စ်ဂျီအသင်းက ယခင်ကတည်းက ဘာစီလိုနာ ကစားသမားတွေဖြစ်တဲ့ မက်ဆီ နေမာတို့လို တကယ် ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို ခေါ်ယူခဲ့ဖူးတဲ့ အသင်းတစ်သင်း ဖြစ်သလို အခုလည်း ဒမ်ဘီလီကိုပါ စာချုပ်လျော်ကြေးအတိုင်း ခေါ်ဆောင်ဖို့ ရှိနေသလို ဖာတီကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

ပီအက်စ်ဂျီက ဒီနွေမှာ မက်ဆီကို လက်လွတ်ထားရပြီး ဘာပေကိုလည်း ထပ်မံ ဆုံးရှုံးရဖို့ ရှိနေချိန်မှာ တိုက်စစ်ပိုင်း အပြောင်းအလဲကြီး လုပ်ဆောင်ဖို့ ရှိနေကာ အသင်းတိုက်စစ်ကို အစအဆုံး ပြုပြင်ဖို့ ရှိနေပါတယ်။ ဒါကြောင့်လည်း ပီအက်စ်ဂျီက တိုက်စစ်ပိုင်းအတွက် ဒမ်ဘီလီ ရာမို့စ် ဗလာဟိုဗစ် မူအာနီနဲ့ အခု ဖာတီကိုပါ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Barca News 24

ဒီအချိန်မှာ နည်းပြ အန်နရီကေးက သူရဲ့ စပိန်လက်ရွေးစင်အသင်းမှာ တွဲဖက် အလုပ်လုပ်ကိုင်ဖူးတဲ့ တိုက်စစ် ကစားသမားလေး အန်ဆူဖာတီကို အလိုရှိလာခဲ့ပြီး ဖာတီက ဘာစီလိုနာ နည်းပြ ဇာဗီလက်အောက်မှာထက် သူရဲ့လက်အောက်မှာ ပိုမို တိုးတက်လာနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။

ဖာတီကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေပြီး အသင်းက ဒမ်ဘီလီ မရှိတော့ချိန်မှာတောင် သူ့ကို နေရာပေးဖို့ မသေချာတာကြောင့် အသင်းပြောင်းဖို့ စီစဉ်နေပြီး ဖာတီရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ကလည်း သူ့ကစားသမားအတွက် ကလပ်အသင်းသစ်ကို ရှာဖွေပေးလျက် ရှိနေပါတယ်။

Exit mobile version