လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ စပိန်အသင်းတို့ရဲ့ နည်းပြဟောင်း အင်းနရစ်က ယမန်နေ့ကမှ နည်းပြချုပ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကိုသာ ရလာရင် ချက်ချင်း လက်ခံဖို့ ပြင်ဆင်ထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၅၂နှစ် အရွယ် စပိန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ အင်းနရစ်က ၂၀၁၄ခုနှစ် ကနေ ၂၀၁၇ခုနှစ် အထိ ဘာစီလိုနာကို ကိုင်တွယ်ခဲ့ရာ ချန်ပီယံလိဂ် ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ စပိန်စူပါဖလား ၁ကြိမ် ၊ လာလီဂါ ၂ကြိမ်နဲ့ ကိုပါဒယ်ရေး ဖလား ၃ကြိမ် စုစုပေါင်း ဆုဖလား ၉လုံး အထိ ရယူနိုင်ခဲ့သူပါ။

Photo Credit: The Sun

တဖက်မှာတော့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစကမှ နည်းပြဟောင်း တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရတာကြောင့် ယမန်နေ့မှာပဲ ပေါ်တာကို ရာထူးကနေ ထပ်မံ ထုတ်ပယ်ခဲ့ပါတယ်။

လက်ရှိမှာ ချယ်လ်ဆီးက သူတို့အသင်းရဲ့ နည်းပြချုပ်နေရာ အတွက် မကြာသေးမီကမှ ဘိုင်ယန်မြူးနစ် ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျာမဏီလူမျိုး နည်းပြဖြစ်သူ နစ်ဂယ်စမန်းကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အကယ်၍ နစ်ဂယ်စမန်းနဲ့ ဆွေးနွေးမှုတွေသာ မအောင်မြင်ခဲ့ရင် အင်းနရစ်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်းနရစ်က ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေတာကြောင့် ချယ်လ်ဆီးကသာ အင်းနရစ်ကို ကာလရှည် စာချုပ်တရပ်နဲ့ ကမ်းလှမ်းမယ် ဆိုရင် ကျိန်းသေပေါက် အောင်မြင်လိမ့်မယ်လို့ သိရပါတယ်။

အင်းနရစ်နဲ့ နီးစပ်သူတွေကလည်း အင်းနရစ်ဟာ စပါးထက် ချယ်လ်ဆီးလို ဘဏ္ဍာရေးအင်အား တောင့်တင်းတဲ့ အသင်းကိုသာ ကိုင်တွယ်ချင်နေပြီး ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း ဆိုထားပါသေးတယ်။