စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ အင်းနရစ်ကတော့ သူတို့အသင်းဟာ ယခု ယူရို၂၀၂၀ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း ဖြစ်ကြောင်း ဆွစ်ဇာလန်အသင်းနဲ့ ကစားမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

စပိန်လက်ရွေးစင် အသင်းဟာ အုပ်စုအဆင့်မှာ နိုင်ပွဲတွေ ရရှိဖို့ ရုန်းကန်ခဲ့ရသလို ၁၆သင်းအဆင့်မှာလည်း ခရိုအေးရှားအသင်းကို နာကျင်အချိန်ပို ရောက်မှသာ မိုရာတာ ၊ အိုယာဇာဘယ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၅-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် အင်းနရစ်ကတော့ လက်ရှိ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ကျန်ရစ်ခဲ့တဲ့ အသင်းရှစ်သင်း အနက် သူတို့အသင်းဟာ အကောင်းဆုံးအသင်းလို့ ဆိုသွားတာပါ။

Photo Credit: Marca

လက်ရှိ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ စပိန်အသင်း ၊ ဆွစ်ဇာလန်အသင်း ၊ အီတလီအသင်း ၊ ဘယ်လ်ဂျီယံအသင်း ၊ ဒိန်းမတ်အသင်း ၊ ယူကရိန်းအသင်း ၊ အင်္ဂလန်အသင်းနဲ့ ချက်အသင်းတို့သာ ကျန်တော့ပြီး စပိန်အသင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲကို ဗိုလ်စွဲဖို့ အတွက် ဘယ်လ်ဂျီယံအသင်း ၊ အီတလီအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့နောက် စတုတ္ထမြောက် ရေပန်းအစားဆုံး နေရာမှာသာ ရှိနေပါတယ်။

ယနေ့ည ၁၀နာရီခွဲမှာတော့ စပိန်အသင်းဟာ ပြင်သစ်အသင်းကို အံ့အားသင့်ဖွယ်ကောင်းအောင် အနိုင်ယူ ကျော်ဖြတ်လာတဲ့ ဆွစ်ဇာလန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရခဲ့ပါက ဆီမီးဖိုင်နယ်အဆင့်မှာ အီတလီအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဆွစ်ဇာလန်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ အင်းနရစ်က ဆွစ်ဇာလန်အသင်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အင်းနရစ်က – “ဆွစ်ဇာလန်အသင်းက ကွာတားဖိုင်နယ် အဆင့်ကို ထိုက်ထိုက်တန်တန်နဲ့ တက်ရောက်လာခဲ့တာပါ။ ကောင်းတာလား ၊ ဆိုးတာလားကို ကျွန်တော် မသိပေမယ့် ကျွန်တော်တို့ နှစ်သင်းဟာ တသင်းရဲ့ အကြောင်းကို တသင်းက ကောင်းကောင်းကြီး သိပါတယ်။ ဒီပွဲစဉ်က အတော်လေးကို ခက်ခဲမယ့် ပွဲစဉ်တပွဲပါ။ အသင်းတသင်း အနေနဲ့ သူတို့က အရမ်းကို ကောင်းပါတယ်။ ဖိအားပေး ကစားတဲ့ နေရာမှာလည်း ကောင်းတယ်။ တိုက်စစ်ဆင်တဲ့ နေရာမှာလည်း ကောင်းပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဆက်လက်ပြီး အင်းနရစ်က ယူရို၂၀၂၀ပြိုင်ပွဲမှာ သူတို့အသင်းကသာ အကောင်းဆုံး အသင်း ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုခဲ့ပါတယ်။ အင်းနရစ်က – “ယူရို၂၀၂၀ပြိုင်ပွဲမှာ စပိန်အသင်းထက် ပိုကောင်းတဲ့ အသင်းကို ကျွန်တော် မမြင်မိပါဘူး။ ကျွန်တော်တို့ဟာ တဦးချင်း အမှားလေးတွေ ရှိပေမယ့် ခံစစ်ပိုင်းမှာလည်း ဥရောပရဲ့ အကောင်းဆုံး အသင်းတသင်းပါ” လို့ ပြောဆိုခဲ့တာပါ။