MySport Myanmar

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပြီးနောက် ဘာပေကို စကားနာထိုးလိုက်တဲ့ အင်းနရစ်

လူးဝစ် အင်းနရစ် ဦးဆောင်တဲ့ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ နာမည်ကြီး ကစားသမားတွေချည်း စုစည်းတဲ့ ပုံစံကို စွန့်လွှတ်လိုက်ပြီးနောက်မှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ PSG သမိုင်းမှာ အကောင်းဆုံး ညတစ်ညအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နည်းပြ အင်းနရစ်ကတော့ အသင်းက ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ကီလီယန် အမ်ဘာပေနဲ့ ပတ်သက်ပြီး မှတ်ချက်တစ်ခု ပေးသွားခဲ့ပါတယ်။

အသက်(၅၅)နှစ်အရွယ် စပိန်လူမျိုးနည်းပြကြီး အင်းနရစ်ဟာ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ ဒီသမိုင်းဝင်အောင်ပွဲအပြီးမှာ အမ်ဘာပေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရှောင်လွှဲသွားလို့ မရခဲ့ပါဘူး။ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ စောင့်ဆိုင်းခဲ့ပြီး ပြီးခဲ့တဲ့ နွေကပဲ အသင်းကနေ စွန့်ခွာခဲ့ပါတယ်။

Photo Credit : Tuko

တစ်ချိန်က အမ်ဘာပေ ၊ နေမာ နဲ့ လီယွန်နယ် မက်ဆီ တို့လို ကမ္ဘာကျော် ကြယ်ပွင့်တွေ ရှိနေခဲ့စဉ်ကတောင်ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဘာပေရဲ့ ရီးရဲလ်အသင်းက ဥရောပမှာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ချိန်မှာ ပီအက်စ်ဂျီအသင်းကတော့ သူတို့ရဲ့ ချန်ပီယံလိဂ် အိပ်မက်ကို ထူးထူးခြားခြား ကြီးမားတဲ့ အောင်ပွဲနဲ့အတူ အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အင်းနရစ်ကတော့ ဘာပေဟာ ဒီလိုအောင်ပွဲမျိုးကို လက်လွှတ်ခဲ့ရတာဟာ သူ့ကိုယ်သူပဲ အပြစ်တင်သင့်တယ်ဆိုတဲ့ သဘောမျိုး သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။

ဂျာမနီမြေမှာ အင်တာမီလန်အသင်းကို ၅-၀ ဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ် အနိုင်ယူပြီး သမိုင်းဝင်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ရီးရဲလ်ကြယ်ပွင့် ဘာပေနဲ့ ပတ်သက်လို့ မေးမြန်းခံရချိန်မှာ အင်းနရစ်က ခုလို ဆိုပါတယ်။”သူ့ကို အသင်းမှာ ဆက်ရှိစေချင်တာပေါ့။ ဒါပေမဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်က တစ်မျိုးတစ်ဘာသာ ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အသင်းက ကြယ်ပွင့်ကစားသမားတွေဟာ အသင်းအတွက် အလုပ်အကျွေးပြုတယ်ဆိုတာကို ပြသနိုင်ခဲ့တယ်။ အသင်းက ကြယ်ပွင့်တွေအတွက် အလုပ်အကျွေး ပြုနေရတာမျိုး မဟုတ်ဘူးဆိုတာကိုပေါ့။” လို့ ပြောသွားခဲ့ပါတယ်။

Photo Credit : The Sun

တစ်ဖက်မှာတော့ ပြီးခဲ့တဲ့ နွေရာသီကမှ ရီးရဲလ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့စဉ်က ဘောလုံးလောကရဲ့အကြီးမားဆုံး ဆုဖလားတွေ ရယူလိုတဲ့ဆန္ဒကို အကြောင်းပြခဲ့တဲ့ ဘာပေကတော့ ချန်ပီယံလုဆုရှင် သူ့ရဲ့အသင်းဟောင်းအတွက် ဆိုရှယ်မီဒီယာကနေတဆင့် ချက်ချင်း ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ် တိုက်စစ်မှူးက သူ့ရဲ့ Instagram Story မှာ “ကြီးကျယ်တဲ့ နေ့တစ်နေ့ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ အောင်ပွဲကလည်း ကလပ်အသင်းရဲ့ပုံစံအတိုင်းပဲ။ ပီအက်စ်ဂျီအတွက် ဂုဏ်ယူပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Exit mobile version