MySport Myanmar

အယ်လ်ကလက်စီကိုပွဲမှာ ဘာစီလိုနာက ၃-ဝနဲ့ အနိုင်ရမယ်လို့ အင်းနရစ် ဆို

ဒီရာသီရဲ့ နောက်ဆုံး အယ်လ်ကလက်စီကိုပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ အက်စတာဒီ အိုလံပစ် လူးဝစ်ကွန်ပန်းနစ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ အသင့်ဖြစ်နေကြပါပြီ။ ကတ်တလန်ကလပ် ဘာစီလိုနာဟာ ဒီရာသီ အယ်လ်ကလက်စီကိုတွေ့ဆုံမှု (၃)ကြိမ်စလုံးကို စုစုပေါင်းဂိုးရလဒ် ၁၂-၄ နဲ့ အနိုင်ရထားပြီး ဒီပွဲမှာသာ ထပ်မံအနိုင်ရခဲ့ပါက လာလီဂါချန်ပီယံဆုကို လုံးဝနီးပါးသေချာသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ အကြောင်းရင်းကတော့ ဒီရာသီမှာ ရီးယဲလ် မက်ဒရစ်အပေါ် အသာစီးရထားရုံတင်မကဘဲ ရီးယဲလ်နည်းပြ ကားလို့ အန်ဆယ်လော့တီဟာ ဒဏ်ရာရကစားသမားတွေကြောင့် အားနည်းနေတဲ့ ခံစစ်ပိုင်းနဲ့ ပွဲထွက်လာရဖွယ်ရှိနေလို့ပါပဲ။ ဟန်ဆီ ဖလစ်ရဲ့ ဘာစီလိုနာအသင်းဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်တွေထဲက တစ်ခုကို ပိုင်ဆိုင်ထားပြီး လူကပ်စ် ဗက်ဇ်ကေးဇ်နဲ့ ဖရန် ဂါစီယာတို့လို ကစားသမားတွေ ပါဝင်တဲ့ ရီးယဲလ်ခံစစ်ကို အခွင့်ကောင်းယူနိုင်လိမ့်မယ်လို့ ဘောလုံးသုံးသပ်သူ အများအပြားက ယုံကြည်နေကြပါတယ်။

Photo Credit : Reuters

ဘာစီလိုနာအသင်း လွယ်လွယ်ကူကူအနိုင်ရမယ်လို့ ယုံကြည်နေသူတွေထဲမှာ အသင်းရဲ့ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ လူးဝစ် အင်းနရစ်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်း နည်းပြဖြစ်သူ အင်းနရစ်ဟာ စနေနေ့က သူ့အသင်း မွန့်ပယ်လီယာကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အယ်လ်ကလက်စီကိုပွဲအတွက် သူ့ရဲ့ခန့်မှန်းချက်ကို Diario AS သတင်းဌာနကနေတဆင့် ပြောကြားခဲ့ပါတယ်။

“ဘာစီလိုနာအတွက် ၃-၀ ပါ၊ လွယ်လွယ်လေးပါ။” လို့ အင်းနရစ်က အယ်လ်ကလက်စီကို ပွဲရလဒ်ကို သုံးသပ် ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းလိုပဲ အင်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းဟာလည်း ဒီရာသီမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသနေပါတယ်။ သူတို့ဟာ ပြင်သစ်လီဂူးဝမ်း ချန်ပီယံဆုကို အလွယ်တကူ ဆွတ်ခူးထားပြီးဖြစ်ပြီး ပြင်သစ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကိုပါ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ သမိုင်းဝင် ဆုဖလား(၃)လုံး (Treble) ကို ရရှိမှာဖြစ်ပါတယ်။

Photo Credit : Reuters

ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်နဲ့ ပတ်သက်ပြီး အင်းနရစ်က “ဘာမှကွာခြားမှုမရှိပါဘူး။ ကျွန်တော်ထင်တာကတော့ ဗိုလ်လုပွဲဆိုတာ ပွဲစဉ်ကိုယ်တိုင်က အရေးကြီးတာပါ။ ဘယ်အသင်းမှာပဲဖြစ်ဖြစ် ကိုယ်ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို သိထားရမယ့် ဖိအားတွေ စုပုံနေတတ်ပါတယ်။ ဗိုလ်လုပွဲတစ်ခုမှာ ပွဲနဲ့ပတ်သက်တဲ့ အခြေအနေပေါင်းများစွာ ပါဝင်နေတဲ့အတွက် ရလဒ်ကြောင့်တင် မဟုတ်ဘဲ ခံစားချက်တွေကို စီမံခန့်ခွဲမှုကြောင့်ပါ ရင်ဆိုင်မှုပုံစံ ပြောင်းလဲနေတဲ့ ဗိုလ်လုပွဲတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးပါတယ်။

“ဗိုလ်လုပွဲဆိုတာ အမြင့်ဆုံးအဆင့် အမြင့်ဆုံး တင်းမာမှုတွေနဲ့ ပြည့်နှက်နေပေမယ့် ဖိအားပိုင်းမှာတော့ ကွာခြားမှုမရှိပါဘူး။ ရည်မှန်းချက်ကတော့ အတူတူပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်းနရစ်ကြောင့် ပီအက်စ်ဂျီအသင်းကို အားပေးမယ့် ဘာစီလိုနာပရိသတ် အတော်များများ ရှိနေမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ သူကိုယ်တိုင်က သူ့ရဲ့အသင်းဟောင်း ဘာစီလိုနာက ရီးယဲလ် မက်ဒရစ်ကို နောက်တစ်ကြိမ် အနိုင်ယူနိုင်ဖို့ အားပေးနေမှာ သေချာပါတယ်။

Exit mobile version