ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်က သူတို့အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ဘာစီလိုနာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ယနေ့ညမှာ ကစားမယ့် ဒုတိယအကျော့မှာ ဘာစီလိုနာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်မယ်လို့ ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။

အင်းနရစ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့က ပထမအကျော့ အဖြစ် ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြစဉ်က ဧည့်သည် ဘာစီလိုနာဟာ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာရဲ့ အံ့မခန်းခြေစွမ်းတွေနဲ့အတူ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Standard

ဘာစီလိုနာက အဝေးကွင်းမှာ တဂိုးအသာနဲ့ အနိုင်ရထားတာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အိမ်ကွင်း ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ပီအက်စ်ဂျီကို မရှုံးနိမ့်အောင် ကစားနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ ရှိနေပြီး ရှုံးပွဲကြုံထားတဲ့ ပီအက်စ်ဂျီကတော့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းချင်ရင် ဘာစီလိုနာကို အနည်းဆုံး ၂ဂိုးပြတ် အနိုင်ယူဖို့ လိုအပ်နေပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က မတိမ်းမယိမ်း အနေအထားမှာ ရှိပေမယ့် ဘာစီလိုနာရဲ့ ခံစစ်ကြောင်းက ပီအက်စ်ဂျီထက် ပိုမို ကျစ်လျစ်တာကြောင့် အိမ်ကွင်း အားသာချက် ရှိနေတဲ့ ဘာစီလိုနာကပဲ သူတို့ ရထားတဲ့ အနိုင်ရလဒ်ကို ထိန်းကစားပြီး ဆီမီးဖိုင်နယ်ဆီ တက်သွားဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photo Credit: Reuters

ဒါပေမယ့် ဘာစီလိုနာရဲ့ နည်းပြဟောင်း ဖြစ်သလို လက်ရှိမှာ ပီအက်စ်ဂျီရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အင်းနရစ်ကတော့ သူတို့အသင်းဟာ အဝေးကွင်းမှာ ဘာစီလိုနာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ဆီ တက်ပြမယ်လို့ ပွဲကြိုအင်တာဗျူးမှာ ကြွေးကြော်နေခဲ့ပါတယ်။

အင်းနရစ်က – “ကျွန်တော့်ရဲ့ အသင်းမှာ ရှိနေတဲ့ ကစားသမားတိုင်းက ဒီပွဲကို အနိုင်ကစားချင်နေကြပါတယ်။ ပီအက်စ်ဂျီက အိမ်ကွင်းမှာ ကစားရတဲ့ ပထမအကျော့မှာ ရှုံးနိမ့်ပြီးတိုင်း နောက်တဆင့်ကို မတက်နိုင်တဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာတော့ ကျွန်တော်တို့က အဲ့ဒီစံချိန်ဆိုးကို ချိုးဖြတ်ပြီး ဆီမီးဖိုင်နယ်ဆီ တက်ပါမယ်။ ကျွန်တော်တို့က ပထမအကျော့ရဲ့ ရလဒ်ဆိုးကို ချေဖျက်ပြီး ဆီမီးဖိုင်နယ်ဆီ တက်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်” ဆိုပြီး ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။