ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြိုင်ဘက် ဘာစီလိုနာကို အိမ်ကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် သူတို့အသင်းကသာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲ ဖြစ်သလို အဝေးကွင်းမှာ ဘာစီလိုနာကို အနိုင်ယူပြမယ်လို့လည်း ပွဲပြီးအင်တာဗျူးမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲ အဖြစ် ယနေ့မနက် အစောပိုင်းမှာ ပီအက်စ်ဂျီရဲ့ အိမ်ကွင်း ဖြစ်တဲ့ Parc des Princesကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အိမ်ရှင် ပီအက်စ်ဂျီက ပွဲကို ဦးဆောင်ခွင့် ရခဲ့ပေမယ့် ဦးဆောင်ဂိုးကို မထိန်းသိမ်းနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ ဘာစီလိုနာကို ဒူးထောက် အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး အင်းနရစ်ရဲ့ ပီအက်စ်ဂျီက တိုက်စစ်ဖွင့် ကစားချိန်မှာ သူ့တပည့်ဟောင်း ဇာဗီ ဦးဆောင်လာတဲ့ ဘာစီလိုနာကတော့ ခံစစ်ကို အထိုင်ချကာ အဝေးဘောတွေနဲ့ ပီအက်စ်ဂျီကို ဒုက္ခပေးဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အင်းနရစ်ရဲ့ နည်းစနစ်ထက် ဇာဗီရဲ့ နည်းစနစ်တွေက ပိုမို အလုပ်ဖြစ်ခဲ့ပြီး ပီအက်စ်ဂျီက ခံစစ်အထိုင်ချထားတဲ့ ဘာစီလိုနာဘက်ကို ထိုးဖောက်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ဘာစီလိုနာကတော့ အဝေးဘောတွေနဲ့ ပီအက်စ်ဂျီရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့သလို သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ၂-၃ ဘာစီလိုနာ ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် သွင်းဂိုးတွေကို ပွဲချိန် ၄၈မိနစ်နဲ့ ၅၁မိနစ်တွေမှာ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီနဲ့ ကွင်းလယ်လူ ဗိုင်တင်ညာတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဧည့်သည် ဘာစီလိုနာ အတွက် သွင်းဂိုးတွေကိုတော့ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာနဲ့ နောက်ခံလူ ခရစ်တန်ဆန်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ကာ ၂ဂိုး သွင်းနိုင်ခဲ့တဲ့ ရာဖင်ညာဟာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အိမ်ကွင်းမှာ ရှုံးပွဲ ကြုံခဲ့တာကြောင့် ပီအက်စ်ဂျီက နောက်တဆင့် တက်နိုင်ဖို့ ဆိုရင် ဘာစီလိုနာကို အဝေးကွင်းမှာ ၂ဂိုးပြတ် အနိုင်ယူဖို့ လိုအပ်နေပြီး ပီအက်စ်ဂျီနည်းပြ အင်းနရစ်ကတော့ သူတို့အသင်းဟာ ဘာစီလိုနာကို အဝေးကွင်းမှာ နိုင်ပွဲ ရယူနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်း ဆိုလာပါတယ်။

အင်းနရစ်က – “ဒီနေ့ပွဲရဲ့ ရလဒ်ကတော့ ဝမ်းနည်းစရာ ကောင်းပါတယ်။ ကျွန်တော်တို့က နောက်တပတ်မှာ ဘာစီလိုနာကို ပြိုင်ပွဲကနေ ဖြုတ်ချဖို့ Comebackနိုင်ပွဲ ရမလား ဆိုတဲ့ မေးခွန်းကို ပြန်ဖြေရရင်တော့ ကျွန်တော်တို့က ဘာစီလိုနာကို အဝေးကွင်းမှာ အနိုင်ယူနိုင်တယ် ဆိုတာကို တချက်လေးတောင် သံသယ မဝင်မိပါဘူး။ ကျွန်တော်တို့က ဘာစီလိုနာကို အဝေးကွင်းမှာ အနိုင်ယူပြီး နောက်တဆင့်ကို တက်ပါမယ်။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။