MySport Myanmar

ဘာပေ မရှိတော့တဲ့နောက် အသင်းက အသင်းလိုက် ကစားပုံ ပိုပြီးကောင်းလာတယ်လို့ အင်းနရစ် ဆို

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ လူးဝစ် အင်းနရစ်က သူတို့အသင်းမှာ ကီလီယန် အမ်ဘာပေ မရှိတော့တဲ့နောက် အသင်းက တစ်ဦးကောငး်အသင်း မဟုတ်တော့ပဲ အသင်းလိုက် ကစားပုံ ပိုကောင်းလာတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ သိပ်မကြာသေးခင် ကာလအတွင်းကပဲ မက်ဆီ နေမာ ဘာပေဆိုတဲ့ တကယ့်ကို ကြောက်ခမန်းလိလိ တိုက်စစ်အစုအဖွဲ့တစ်ခုကို ပိုင်ဆိုင်ခဲ့ရပေမယ့် ဒီတိုက်စစ် trio နဲ့တောင် ချန်ပီယံလိဂ် အောင်မြင်မှုတွေ လုံးဝ မရယူနိုင်ခဲ့သလို အခုဆိုလည်း ဒီကစားသမားတွေ အားလုံးက ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်သွားကြပြီ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

အဓိကတော့ မက်ဆီနဲ့ နေမာတို့က close ဖြစ်သလောက် ဒီကစားသမားနှစ်ယောက်နဲ့ ဘာပေတို့ကြား ဘာပေနဲ့ တခြား ပီအက်စ်ဂျီ အသင်းဖော်တွေကြားမှာ အဆင်မပြေတာတွေ ရှိခဲ့ရပြီး အဲ့ဒီနောက် မက်ဆီက မေဂျာလိဂ်ဆီပြောင်း နေမာက ဆော်ဒီလိဂ်ပြောင်းပြီး ဘာပေကပါ သူရဲ့အိမ်မက်ကလပ် ရီးယဲလ်ဆီ ပြောင်းသွားခဲ့ပါတယ်။

လက်ရှိ ပီအက်စ်ဂျီမှာ ဒီကစားသမား (၃)ဦးလို တကယ့် ဒိတ်ဒိတ်ကြဲ ကစားသမားကြီးတွေ မရှိတော့ပဲ ရှိရင်းစွဲ ကစားသမားတွေ နွေကမှ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေနဲ့အတူ ပီအက်စ်ဂျီက ဒီရာသီထဲ ရာနှုန်းပြည့် နိုင်ပွဲတွေ ပိုင်ဆိုင်ထားရပါတယ်။ “ကျွန်တော်တို့အသင်းမှာ ကြယ်ပွင့်တစ်ပွင့် ရှိတယ်။ အဲ့ဒါ ဟုတ်တယ်။ ဒီကြယ်ပွင့်က အရာအားလုံးထက် အများကြီး တောက်ပနေတာ။”

Photo Credit : Goal

“အဲ့ဒီကြယ်ပွင့်က တစ်သင်းလုံးပါပဲ။ တစ်သင်းလုံးက တောက်ပနေတာ အရမ်းကို ထူးခြားကောင်းမွန်ပါတယ်။ ဒါက ကျွန်တော်ဟာ ကျွန်တော့်ကစားသမားတွေရဲ့ စိတ်ထဲကို တဖြည်းဖြည်းခြင်း စိမ့်ဝင်အောင် လုပ်ပေးနေသလို ခံစားချက်မျိုးပါပဲ။ ဒါကိုလည်း ခင်ဗျားတို့ ကွင်းအတွင်းမှာ မြင်နိုင်ပါတယ်။ ကစားသမားတစ်ဦးက ကစားသမား အားလုံးအတွက် ရှိနေသလို အားလုံးကလည်း တစ်ဦးအတွက် ရှိနေကြတယ်။ ဒါက အားကစားအသင်းမှာ အံ့သြဖွယ်ကောင်းတဲ့ ဖြစ်ရပ်ပါပဲ။” လို့ အင်းနရစ်က ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီက ဒီနွေမှာ ဘာပေကို လက်လွတ်ခဲ့ရပေမယ့် သူ့နေရာအတွက် အစားထိုး ခေါ်ယူမှုကို လုပ်ဆောင်ခဲ့ခြင်း မရှိပဲ အသင်းကနေ ကစားသမား အများစုကို ရှင်းလင်းခဲ့ပြီး ကွင်းလယ်လူ ဂျာအို နေးဗက်စ် နောက်ခံလူ ပါချိုနဲ့ တောင်ပံကစားသမားလေး ဒူရေးတို့ကို ခေါ်ယူဖြည့်တင်းခဲ့ကာ အသင်းကလည်း ပြိုင်ပွဲစုံ (၆)ပွဲဆက်တိုက်အထိ ရာနှုန်းပြည့် နိုင်ပွဲတွေ ရရှိခဲ့ပါတယ်။

Exit mobile version