ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၂-၀ ဒေါ့မွန် ပွဲစဉ်အပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် ဂျာမန် အင်အားကြီးကလပ် ဒေါ့မွန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ အမ်ဘာပေက မူအာနီ ၊ ဒမ်ဘီလီတို့နဲ့ ပူးပေါင်းကာ ပီအက်စ်ဂျီရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: 90 Min

အမ်ဘာပေ ဦးဆောင်လာတဲ့ ပီအက်စ်ဂျီက ဧည့်သည် ဒေါ့မွန်ထက် ကစားပုံ ပိုကောင်းခဲ့သလို ပွဲစပွဲဆုံး ဒေါ့မွန်ကို တဖက်သတ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဒေါ့မွန်ရဲ့ ခံစစ်မှူးတွေက အမ်ဘာပေရဲ့ အတိုးအလှုပ်တွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။

အမ်ဘာပေက ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄၉မိနစ်မှာ ပင်နယ်တီကနေ တဆင့် သွင်းယူပေးနိုင်ခဲ့သလို အသင်းဖော်တွေ နေရာလွတ်တွေ ရအောင် အကောင်းဆုံး ကြိုးစားပေးခဲ့ပြီး ပီအက်စ်ဂျီရဲ့ ပွဲသိမ်းအနိုင်ဂိုးကိုတော့ ပွဲချိန် ၅၈မိနစ်မှာ ညာနောက်ခံလူ ဟာခီမီက သွင်းယူပေးခဲ့တာပါ။

Photo Credit: France Football

ပီအက်စ်ဂျီ ၂-၀ ဒေါ့မွန် ပွဲအပြီးမှာတော့ ပီအက်စ်ဂျီနည်းပြ အင်းနရစ်က သူတို့ရဲ့ အသင်းခေါင်းဆောင် အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ အင်းနရစ်က – “ကိုင်လီယန် အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ကျွန်တော် ပြောတာကို ယုံပါ။ ကျွန်တော့်ကို အံ့အားသင့်စေခဲ့တာက သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေ မဟုတ်ပါဘူး။ သူ့ရဲ့ လူသားဆန်မှုက ကျွန်တော့်ကို အံ့ဩစေခဲ့တာပါ။ ကျွန်တော်က သူ့လို ကစားသမားမျိုးကို အဝတ်လဲခန်းထဲမှာ ပိုင်ဆိုင်ခွင့် ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ သူက အမြဲတမ်း ပြုံးနေတတ်တဲ့ ခေါင်းဆောင်ကောင်းပါ” လို့ အမ်ဘာပေကို ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အမ်ဘာပေက ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူထားနိုင်ပြီး လီဂူးဝမ်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်ပါ ရပ်တည်နေပါတယ်။