စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် ပထမတန်း အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ခက်ခက်ခဲခဲ အနိုင်ရရှိပြီးနောက် နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်တဆင့် ဖြစ်တဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့မှု အတွက် ပျော်ရွှင်ရကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အုပ်စုဗိုလ်နေရာကို အဆုံးအဖြတ် ပေးမယ့် နောက်ဆုံးပွဲစဉ်မတိုင်မီမှာ ပေါ်တူဂီက စပိန်ထက် ၂မှတ် အသာစီး ရထားတာကြောင့် ပေါ်တူဂီက အနိမ့်ဆုံး သရေတမှတ် ရယူနိုင်ရုံနဲ့ ဆီမီးဖိုင်နယ် အဆင့်ဆီ တက်လှမ်းဖို့ ရှိနေပြီး စပိန်ကတော့ အနိုင်ရမှသာ ဆီမီးဖိုင်နယ် အဆင့်ဆီ တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဒါကြောင့် ဘရာဂါမြို့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ စပိန်ပွဲစဉ်မှာ ပေါ်တူဂီက အနိုင်ရဖို့ထက် မရှုံးနိမ့်ဖို့ကိုသာ အဓိက ဦးတည် ကစားသွားခဲ့ပြီး စပိန်ကတော့ နိုင်ပွဲ ရရှိရေး အတွက် ပွဲချိန်ပြည့် ကြိုးစား အားထုတ်ခဲ့ရပြီး စပိန်အတွက် တလုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၈၈မိနစ်မှာ တိုက်စစ်မှူး မိုရာတာက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပေါ်တူဂီ ၀-၁ စပိန် ပွဲစဉ်အပြီးမှာတော့ စပိန်နည်းပြ အင်းနရစ်က နိုင်ပွဲရရှိဖို့ အတွက် မဆုတ်မနစ် ကြိုးစားခဲ့ကြတဲ့ အသင်းသားတွေကို ချီးကျူးသွားခဲ့ပြီး သူတို့အသင်းဟာ ပေါ်တူဂီကို အသာစီး ရရှိဖို့ အတွက် ဘောလုံးမဆုံးရှုံးရရေးကို အဓိက ဦးစားပေး လုပ်ဆောင်ခဲ့ကြောင်း ရှင်းပြလာခဲ့ပါတယ်။

Photo Credit: Marca

အင်းနရစ်က – “ပေါ်တူဂီက အသင်းကောင်း တသင်းပါ။ ဒါကြောင့် ကျွန်တော်က ပထမပိုင်းမှာ အသင်းသားတွေကို ဘောလုံးမဆုံးရှုံးအောင် အဓိက ဦးစားပေး ကစားဖို့ မှာခဲ့ပြီး အသင်းသားတွေကလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ ဘောလုံးပေးပို့မှုတွေ အများကြီး လုပ်ဆောင်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် ဘောလုံးမဆုံးရှုံးရေးကတော့ ဦးစားပေးပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ပြီးတဲ့နောက် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ သွင်းဂိုးတွေ ရလာမယ် ဆိုတဲ့ ခံစားချက်မျိုးကို ရခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ နောက်ထပ်တကြိမ် ဆီမီးဖိုင်နယ်အဆင့်ဆီ ထပ်ရောက်ခဲ့ပြန်ပါပြီ။ ဒီအတွက်လည်း အရမ်းကို ပျော်ရွှင်မိပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ဆီ စပိန် ၊ အီတလီ ၊ ခရိုအေးရှားနဲ့ နယ်သာလန် စတဲ့ ၄သင်း တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။