MySport Myanmar

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဘာစီလိုနာကို ကန်ထုတ်ပစ်မယ်လို့ ကြုံးဝါးလိုက်တဲ့ အင်းနရစ်

ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်က သူတို့အသင်းဟာ ချန်ပီယံလိဂ် ၊ ကွာတားဖိုင်နယ်အဆင့်မှာ လာရောက် တွေ့ဆုံနေတဲ့ ပြိုင်ဘက် ဘာစီလိုနာကို ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထုတ်ပယ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၅၃နှစ် အရွယ် စပိန်ထိပ်သီးနည်းပြ လူးဝစ် အင်းနရစ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ပီအက်စ်ဂျီကို ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ပီအက်စ်ဂျီက ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ကာ ပြင်သစ်စူပါဖလားကို ရအောင် ယူထားနိုင်သလို လီဂူးဝမ်းပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ဖို့ သေချာနေပါတယ်။

Photo Credit: OPTA Analyst

ဒါ့အပြင် ပီအက်စ်ဂျီက ပြင်သစ်ရှုံးထွက်ဖလားရဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အထိ ရောက်ရှိနေပြီး အင်းနရစ်က ကွာတားဖိုင်နယ်မှာ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည် တွေ့ဆုံနေပါတယ်။

အင်းနရစ်က ဘာစီလိုနာကို ကိုင်တွယ်ခဲ့စဉ်မှာ မက်ဆီ ၊ ဆွာရက်ဇ် ၊ နေမာတို့ရဲ့ တိုက်စစ်အတွဲနဲ့ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပြီး သူ ထွက်ခွာပြီးတဲ့နောက် ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ မရတော့တာကြောင့် ဘာစီလိုနာရဲ့ ပရိသတ်တွေက အင်းနရစ်ကို လွမ်းဆွတ်နေကြပါတယ်။

Photo Credit: Standard

မနက်ဖြန်ညမှာတော့ အင်းနရစ်ရဲ့ ပီအက်စ်ဂျီက ကွာတားဖိုင်နယ် ပထမအကျော့ပွဲ အဖြစ် ဘာစီလိုနာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အင်းနရစ်က သူတို့အသင်းဟာ ဘာစီလိုနာကို ဖြုတ်ချချင်ရင် အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်မှ ရမယ်လို့ ကစားသမားတွေကို သတိပေးခဲ့သလို သူတို့အသင်းဟာ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်ခရီးစဉ်ကို ကွာတားဖိုင်နယ်မှာပဲ ရပ်တန့်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုလာပါတယ်။

အင်းနရစ်က – “ဘာစီလိုနာကို နာကျင်စေချင်ရင် ကျွန်တော်တို့က အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်နေမှ ဖြစ်ပါလိမ့်မယ်။ ဘာစီလိုနာက အဆင့်မြင့်အသင်း တသင်းပါ။ ပြီးတော့ အသင်းကောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲတွေက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ပွဲတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အဆင့်အတန်း မြင့်တဲ့ အသင်းပါ။ ကျွန်တော်တို့က လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားသလို ဘာစီလိုနာကို ကွာတားဖိုင်နယ်မှာပဲ ဖြုတ်ချနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version