ပြိုင်ဘက်ဟောင်း ဂျာမနီအသင်းကို ရာဟင်စတာလင် ဟာရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ဆီ တတ်လှမ်းထားနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ကွာတားမှာ ယူကရိန်းအသင်းနဲ့ တွေ့ဆုံရမှာဖြစ်လို့ ဆီမီးဖိုင်နယ်ကို ထပ်မံတတ်လှမ်းနိုင်ဖို့က အခြေအနေကောင်းနေရပေမယ့်လည်း လတ်တလော အင်္ဂလန်အသင်းမှာ အဝါကတ်ပြသခံထားရတဲ့ ကစားသမားတွေများစွာ ရှိနေတာကြောင့် ဒီကစားသမားတွေအနေနဲ့ ယူကရိန်းနဲ့ပွဲမှာ ထပ်မံအဝါကတ်ပြခံရရင် ဆီမီးဖိုင်နယ်ပွဲစဉ်ကို အလိုအလျောက် လွဲချော်ရတော့မယ့် အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit : Yahoo!

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အုပ်စုအဆင့်ကနေ (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်ထိ ပြိုင်ပွဲ(၄)ပွဲကို ယှဉ်ပြိုင်လာခဲ့ရာမှာ စကော့တလန် ချက်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုပွဲစဉ်(၂)ပွဲအတွင်း အဝါကတ် လုံးဝအပြမခံရအောင် ကစားနိုင်ခဲ့ပေမယ့်လည်း ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ တိုက်စစ်ကစားသမား ဖေးလ်ဖိုဒန် အဝါကတ်ပြခံခဲ့ရသလို ဂျာမနီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရှုံးထွက်ပွဲစဉ်မှာလည်း ဒီကလန်ရိုက်စ် ဟယ်ရီမက်ဂွိုင်းရားနဲ့ ကယ်လ်ဗင်ဖီးလစ်တို့ အဝါကတ်တွေ အသီးသီး ပြသခံခဲ့ရပါတယ်။ ဒါကြောင့် ဒီကစားသမား (၄)ယောက်ဟာ ယူကရိန်းနဲ့ ကစားရမယ့် ကွာတားပွဲစဉ်မှာ အဝါကတ် ထပ်မံမပြသခံရဖို့ လိုအပ်နေပါတယ်။

Photo Credit : Mirror

ဘာကြောင့်လဲဆိုတော့ ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်မှာ ကျင်းပလျက်ရှိနေတဲ့ ဘောလုံးပြိုင်ပွဲတွေအတွင်း အုပ်စုအဆင့်ကနေ ကွာတားဖိုင်နယ်အဆင့်ထိ ပွဲစဉ်တွေအားလုံးအနက် ပွဲစဉ်တစ်ပွဲအတွင်း အဝါကတ်တစ်ကြိမ် ပြခံရတဲ့ ကစားသမားဟာ နောက်ထပ်ပွဲစဉ်မှာပါ ထပ်မံအဝါကတ်ပြခံရမယ်ဆိုရင် (၁)ပွဲပယ် ပြစ်ဒဏ်ကို ကျခံရမှာဖြစ်တယ်လို့ စည်းကမ်းချမှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းအနေနဲ့ ဖိုဒန်ကို ဂျာမနီနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ခြင်း မရှိသလို ယူကရိန်းနဲ့ ယှဉ်ပြိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းကို အပြောင်းအလဲတချို့ လုပ်ဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေက အင်္ဂလန်ရဲ့ အဓိကကျတဲ့ အသင်းသားတွေ ဖြစ်နေတာကြောင့် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ ဆိုတာကလည်း ခက်ခဲနိုင်တာမို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အတွက် ခေါင်းစားရနိုင်ပါတယ်။ ဆွီဒင်အသင်းကို ကျော်ဖြတ်လာခဲ့တဲ့ ယူကရိန်းနဲ့ ဂျာမနီကို အလဲထိုးလာခဲ့တဲ့ အင်္ဂလန်တို့ဟာ လာမယ့် ဇူလိုင်(၃)ရက်နေ့ အီတလီနိုင်ငံ ရောမမြို့က စတေဒီယိုအိုလံပီကိုကွင်းအတွင်းမှာ ရင်ဆိုင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။