MySport Myanmar

အင်္ဂလန် နဲ့ ဆီနီဂေါတို့ရဲ့ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ် ဒုတိယနေ့ ဒုတိယမြောက်ပွဲကို ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့မှာ ပြင်သစ်နဲ့ပိုလန်တို့က ည(၉)နာရီခွဲမှာ ယှဉ်ပြိုင်ခဲ့ပြီး အဲ့ဒီပွဲအပြီး နောက်နေ့မနက်(၁)နာရီခွဲအချိန်မှာ ဆက်လက် ယှဉ်ပြိုင်သွားမယ့် အင်္ဂလန်နဲ့ ဆီနီဂေါအသင်းတို့ရဲ့ ရှုံးထွက်ပွဲစဉ်အကြောင်းကိုလည်း သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

အင်္ဂလန်က အီရန်ကို ဂိုးပြတ်နိုင်တယ် ၊ အမေရိကန်ကို ဂိုးမရှိသရေကျတယ် ၊ ဝေးလ်စ်ကို ဒုတိယပိုင်းဂိုးတွေနဲ့ အနိုင်ရတယ်။ (၃)ပွဲလုံးမှာ စွမ်းဆောင်ရည်ပိုင်းတွေ တူညီနေခြင်း မရှိပဲ အမေရိကန်နဲ့ပွဲ ဝေးလ်စ်နဲ့ ပထမပိုင်း ပွဲချိန်တွေအတွင်းက ခြေစွမ်းမျိုးကတော့ အားရစရာ အနေအထားမှာ ရှိမနေပါဘူး။ တိုက်စစ်က အမေရိကန်ပွဲကလွဲပြီး တစ်ပွဲကို အနိမ့်ဆုံး (၃)ဂိုးသွင်းထားနိုင်တာက အထင်ကြီးစရာပါပဲ။ ကိန်း ဂိုးမသွင်းနိုင်သေးပဲ ဖန်တီးမှုတွေသာ လုပ်ဆောင်နေတယ် ဆိုပေမယ့် အင်္ဂလန်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားက နေရာအစုံမှာ ရှိနေပါတယ်။ အရေးကြီးတာတစ်ခုကတော့ အခုက အမှားခံလို့ မဖြစ်တော့တဲ့ ရှုံးထွက်အဆင့်ကို အင်္ဂလန်အနေနဲ့ ကစားသမား အသုံးပြုလာပုံမှာ အသင်းအတွက် ပိုမို အကျိုးပြုနိုင်တဲ့ ကစားသမားတွေကို ပွဲထွက်ကစားသမားတွေအဖြစ် မှန်မှန်ကန်ကန် ရွေးချယ်လာဖို့ အရေးကြီးပါတယ်။ အဓိကတော့ ဝေးလ်စ်နဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ် ဖိုဒန်တို့ကို အခုပွဲမှာပါ ဆက်လက် အသုံးပြုလာဖို့ လိုပါတယ်။

Photo Credit : Sports Mole

ဆီနီဂေါကတော့ နယ်သာလန်ကို ရှုံးပြီးမှ ကာတာကိုနိုင် အီကွေဒေါကိုနိုင်ပြီး ရှုံးထွက်ကို တတ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဆီနီဂေါက နယ်သာလန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတောင် နယ်သာလန်ကို ပွဲချိန်နီးပါး အခက်တွေ့အောင် ကစားနိုင်ခဲ့ပြီးမှ ပွဲပြီးခါနီးမှသာ ရှံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ အီကွေဒေါနဲ့ပွဲမှာတော့ ဆီနီဂေါက အကောင်းဆုံး စွမ်းဆောင်ပြီး ရှုံးထွက်အဆင့်ဆီ ထိုက်ထိုက်တန်တန် တတ်လှမ်းလာခဲ့တယ် ဆိုပေမယ့်လည်း လက်ရှိအနေအထားအရ ဆီနီဂေါဘက်မှာ အဓိက ကွင်းလယ်လူ ဂေယီ ပွဲပယ်ထားခံရသလို နောက်ထပ် ကွင်းလယ်လူ ကူယာတေးမှာလည်း ဒီပွဲအတွက် ကြံခိုင်မှု ပြည့်နေပါမ့လားဆိုတာက စိုးရိမ်စရာပါ။ နောက်ပြီး ကာတာလို အသင်းကိုတောင် ပေးဂိုး ခွင့်ပြုခံထားရသေးတဲ့ ဆီနီဂေါခံစစ်က အင်္ဂလန်လို အုပ်စုတွင်း (၉)ဂိုးအထိ သွင်းယူထားတဲ့ တိုက်စစ်ကို အချိန်ပြည့် တောင့်ခံထားနိုင်မလားဆိုတာကလည်း သံသယ ဖြစ်စရာ အနေအထားမျိုး ဖြစ်နေရပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်း မာကြောလှတဲ့ အီကွေဒေါလို အသင်းကို (၂)ဂိုး သွင်းယူနိုင်ခဲ့တာ ပွဲချိန်များစွာ ဖိအားပေးနိုင်တာကတော့ တကယ်ကို အထင်ကြီးလောက်စရာပါပဲ။

Photo Credit : Yahoo! Sports UK

အင်္ဂလန်နဲ့ ဆီနီဂေါတို့ဟာ ပြိုင်ပွဲကြီးတွေမှာရော ခြေစမ်းပွဲတွေမှာပါ မဆုံဖူးကြပေမယ့် ဆီနီဂေါ ကစားသမား အများအပြားက ပရီးမီးယားလိဂ်မှာ ကျင်လည်နေကြသူတွေဖြစ်လို့ အင်္ဂလန်အထာကို ကောင်းကောင်း ရင်းနှီးနေနိုင်ပါတယ်။ တစ်ခု သတိထားရမှာက အင်္ဂလန်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ကျင်လည်နေတဲ့ ကစားသမား အများစု ပါဝင်နေတဲ့ အမေရိကန်နဲ့ပွဲမှာ ရုန်းကန်ခဲ့သလို ဝေးလ်စ်နဲ့ပွဲရဲ့ ပထမပိုင်း ပွဲချိန်တွေမှာလည်း အနည်းငယ် ရုန်းကန်ခဲ့ရပြီး ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ သေချာတာကလည်း ဆီနီဂေါက ဒီပွဲကို ခံစစ်ပိုင်း အသားပေးလာနိုင်ပြီး သူတို့ အားသာတဲ့ တောင်ပံတွေနဲ့ ကောင်တာ ချောင်းကစားလာနိုင်ပါတယ်။ အင်္ဂလန်ဘက်ကလည်း အီရန်နဲ့ပွဲကလို ခံစစ်ပိုင်း ယိုယွင်းမှုတွေ ဖြစ်ပေါ်လို့မရပဲ ခံစစ်ကိုပါ သေချာပြင်ဆင်လာဖို့ လိုအပ်နေသလို ကစားသမား ရွေးချယ်မှုလည်း မှန်ကန်ဖို့ လိုအပ်နေပါတယ်။ Tricky game ဖြစ်လာနိုင်ပေမယ့် ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားတွေများစွာကို အင်္ဂလန်ကပဲ အနိုင်ရသွားလိမ့်မယ်လို့ ထင်မိပါတယ်။ နှစ်သင်းပေါင်းသွင်းဂိုးလည်း အနိမ့်ဆုံး (၃)ဂိုးလောက် ရှိနိုင်တယ်လို့ ယူဆမိပါတယ်။

Exit mobile version