ဒီနေ့ည ၁နာရီခွဲအချိန်မှာတော့ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကြီးကို အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းထဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ ယခုနှစ် ယူရို၂၀၂၀ပြိုင်ပွဲမှာ ခြေစွမ်းအတည်ငြိမ်ဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး နှစ်သင်းစလုံးဟာ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ဘယ်အသင်းက အနိုင်ရသွားမလဲ ဆိုတာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Photo Credit: Express

ဝင်ဘလေကွင်းမှာ ကစားရမယ့် ပွဲစဉ် ဖြစ်တာကြောင့် အင်္ဂလန်အသင်းဟာ အိမ်ရှင် အားသာချက် ရှိနေပေမယ့် အီတလီအသင်းဟာ ကျစ်လျစ်တဲ့ အသင်းလိုက် ကစားပုံနဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို ပိုင်ဆိုင်ထားတာကြောင့် ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်ကာ ခံစစ်ကြောင်းကလည်း သွင်းဂိုး ၁ဂိုးသာ ခွင့်ပြုပေးထားရပါတယ်။ ထို့အပြင် တိုက်စစ်ပိုင်းကလည်း နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲမှာ သွင်းဂိုး ၈ဂိုး အထိ ရရှိခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အမြောက်အများ ရထားတာကြောင့် နေရာစုံမှာ ပြီးပြည့်စုံ နေတဲ့ အသင်းတသင်းလို့ ဆိုရပါမယ်။

Photo Credit: Express

တဖက်မှာလည်း အီတလီအသင်းဟာ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရဖို့ နောက်ဆုံးအချိန် အထိ ရုန်းကန်ခဲ့ရပေမယ့် အုပ်စုပွဲစဉ်တွေ ကနေ ဘယ်လ်ဂျီယံအသင်းနဲ့ ရင်ဆိုင် ကစားရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ် အထိ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲမှာလည်း သူတို့ရဲ့ အကောင်းဆုံး ပုံစံကို မြင်ရဖွယ် ရှိပါတယ်။

ဗိုလ်လုပွဲမှာ အဆုံးအဖြတ် ဖြစ်နိုင်တဲ့ အချက်တခု ကတော့ အင်္ဂလန်အသင်းရဲ့ အသင်းလိုက် ခံစစ်ကစားဟန် (Zonal Defense) ဖြစ်ပြီး အီတလီအသင်းရဲ့ တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ ချီဆာ ၊ အင်ဆစ်ဂ်နီတို့ရဲ့ မြန်နှုန်းမြင့် ကစားဟန်တွေကို အင်္ဂလန်အသင်းရဲ့ ခံစစ်မှူးတွေ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

Photo Credit: Express

အီတလီအသင်း ကတော့ တဦးချင်း လူကပ် ကစားတဲ့ ကစားဟန်ကို ကျင့်သုံးတာကြောင့် အင်္ဂလန်အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ စတာလင်းတို့ဟာ ခက်ခဲတဲ့ ပွဲစဉ်တပွဲကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းရဲ့ ကွင်းလယ် ကစားပုံဟာ အီတလီအသင်းထက် အနည်းငယ် ပိုမို ကောင်းမွန်ပြီး အင်္ဂလန်အသင်းရဲ့ နောက်ခံအစွန်လူတွေ ဖြစ်တဲ့ လုခ်ရှောနဲ့ ဝေါ်ကာတို့ရဲ့ စွမ်းဆောင်ရည်တွေက အီတလီအသင်းကို ဒုက္ခပေးနိုင်ဖို့ များပါတယ်။

Photo Credit: Express

ဒါကြောင့် သာမန် ပွဲကစားချိန် မိနစ် ၉၀အတွင်းမှာတော့ အီတလီအသင်းဟာ အင်္ဂလန်အသင်းကို အသာစီးရဖို့ အနည်းငယ် ရုန်းကန်ရဖို့ ရှိနေကာ ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်ရှိသွားမယ် ဆိုရင်တော့ ပင်နယ်တီ အဆုံးအဖြတ် ခံယူတိုင်း ကံဆိုးတတ်တဲ့ အင်္ဂလန်အသင်းထက် အီတလီအသင်းက ယူရို၂၀၂၀ဖလားကို ရရှိဖို့ အခွင့်အလမ်း ပိုများနေပါတယ်။ ဒါပေမယ့် ဘောလုံးပွဲတွေဟာ ဘာမဆို ဖြစ်လာနိုင်တာကြောင့် ဘယ်အသင်းက ယူရို၂၀၂၀ပြိုင်ပွဲကို ဗိုလ်စွဲသွားမလဲ ဆိုတာ ကျွန်တော်တို့တွေ အတူတကွ စောင့်ကြည့်လိုက်ရအောင်ဗျာ။