ယူရို-၂၀၂၀ ပြိုင်ပွဲကြီးရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကတော့ စတင်ကျင်းပလို့နေပြီဖြစ်ပြီး မနေ့ညက အီတလီအသင်းနဲ့ စပိန်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားရာ အနိုင်အရှုံး အဖြေမပေါ်သေးတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ အီတလီက ပင်နယ်တီမှာ (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့ကာ ဗိုလ်လုပွဲကို တတ်လှမ်းသွားခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် အင်္ဂလန်နဲ့ဒိန်းမတ်တို့ ပွဲစဉ်မှာရော ဘယ်အသင်းက နိုင်ပွဲရယူပြီး အီတလီနဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။

Photo Credit : Twitter

အင်္ဂလန်ကတော့ ခြေစွမ်းပိုင်း အားရစရာအကောင်းဆုံး အသင်းတစ်သင်း ဖြစ်မနေသေးပေမယ့်လည်း ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်သလို ခံစစ်ကလည်း ပြိုင်ပွဲအတွင်း လုံးဝပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ တိုက်စစ်မှာလည်း ဟာရီကိန်းရဲ့သွင်းဂိုးတွေ ပြန်လည်မြင်တွေ့ထားရသလို အသင်းက တစ်ပွဲပြီးတစ်ပွဲ ခြေစွမ်းပိုင်း အတတ်ဘက်ကို ရောက်လာပါတယ်။

တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေ ပါဝင်နေသလို အသင်းလိုက်ကစားရင်လည်း ပြိုင်ဘက်အသင်းတွေထက်ကို လျင်လျင်မြန်မြန် ကစားတတ်တဲ့ အသင်းဖြစ်တဲ့ အင်္ဂလန်ဟာ အခုပွဲကိုလည်း သူတို့ရဲ့အိမ်ကွင်း ဝင်ဘလေမှာ ကစားရမှာဖြစ်လို့ ပြိုင်ဘက်ဒိန်းမတ်ထက်ကို အလေးသာနေမှာတော့ သေချာပါတယ်။

Photo Credit : Twitter

ဒိန်းမတ်အသင်းကလည်း အုပ်စုတွင်းပွဲစဉ်(၂)ပွဲဆက်တိုက်ကို အရေးနိမ့်ခဲ့ရပေမယ့် စိတ်ဓါတ်ပိုင်းဆိုင်ရာ အားကောင်းမှုတွေနဲ့အတူ နိုင်ပွဲတွေ ပြန်လည်ရယူခဲ့ပြီး အခုဆိုရင် ဆီမီးဖိုင်နယ်အဆင့်ထိကိုပါ တတ်လှမ်းလာခဲ့ရပြီဖြစ်ပါတယ်။ အခုပွဲစဉ်မှာ အင်္ဂလန်သာ အကောင်းဆုံးပုံစံ ရှိမနေဘူးဆိုရင်တော့ အင်္ဂလန်ကို အချိန်မရွေး ဒုက္ခပေးသွားနိုင်တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဝင်ဘလေမှာ ကစားရမှာဆိုပေမယ့် ဟူဘယက် ရှမိုက်ကယ် ခရစ္စတန်ဆန် ဗက်စတာဂေါ့တို့လို ပရီးမီးယားလိဂ်မှာ ကျင်လည်ဖူးတဲ့ ကစားသမားတွေ ပါဝင်နေတာက သူတို့အတွက် အားသာချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Photo Credit : DW

အင်္ဂလန်နဲ့ဒိန်းမတ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်တုန်းက UEFA Nations League မှာပါ ဆုံတွေ့ထားခဲ့ဖူးပြီး တစ်ပွဲသရေကျထားခဲ့ကာ ဒိန်းမတ်က တစ်ပွဲနိုင်ထားခဲ့ပါတယ်။ လက်ရှိမှာလည်း ဒိန်းမတ်ကစားသမားတွေက မထင်မှတ်တာတွေကို လုပ်ပြနိုင်စွမ်း ရှိတာကို အင်္ဂလန်တို့ မေ့ထားလို့မရပေမယ့် အင်္ဂလန်ကတော့ ကစားသမားအင်အားနဲ့ ကစားအားပိုင်းမှာ ပိုအသာရနေပါတယ်။ (၂)သင်းလုံးမှာ ဆတူအခွင့်အရေးမျိုး ရှိနေတယ်ဆိုပေမယ့် အိမ်ရှင်ပရိသတ်ရှေ့မှာ ကစားသွားရမယ့် အင်္ဂလန်ပဲ အနိုင်ရသွားမယ်လို့ ထင်မိပါတယ်ခင်ဗျာ။