ဘောလုံးဘိုးအေ နိုင်ငံကြီး အဖြစ် သတ်မှတ်ခံထားရသလို ကမ္ဘာ့အဆင့် ကစားသမား အများအပြားလည်း ရှိနေတဲ့ နာမည်ကြီး အင်္ဂလန်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် အုပ်စုပွဲစဉ်မှာ ဥရောပရဲ့ အလယ်အလတ် အသင်းလို့ သတ်မှတ်ခံထားရတဲ့ ဟန်ဂေရီကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။

နေးရှင်းလိဂ် အုပ်စု(၃)ထဲမှာ ဂျာမဏီ ၊ အီတလီ ၊ ဟန်ဂေရီတို့နဲ့ အတူတကွ ကျရောက်နေတဲ့ အင်္ဂလန်က ရှေ့မှာ ကစားခဲ့တဲ့ အုပ်စုပွဲစဉ် (၃)ပွဲစလုံးမှာ တပွဲမှ အနိုင်မရထားတာကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဟန်ဂေရီနဲ့ပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ဟန်ဂေရီကို ယခုလအတွင်း ဒုတိယအကြိမ် ထပ်မံ အရေးနိမ့်ခဲ့ပါတယ်။

Photo Credit: Sky Sports

ပြင်သစ်နိုင်ငံမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အင်္ဂလန်က ဟယ်ရီကိန်း ၊ ဂျွန်စတုန်း ၊ ဆာကာ ၊ ဘယ်လင်ဟမ် စတဲ့ အဓိက ကစားသမားတွေကို အသုံးပြုကာ နိုင်ပွဲရအောင် ကြိုးပမ်းခဲ့ပေမယ့် ဟန်ဂေရီရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို မထိုးဖောက်နိုင်ခဲ့သလို အင်္ဂလန် ဂိုးသမား ရမ်စဒယ်ရဲ့ ပုံမှန်အောက် ရောက်နေတဲ့ လက်စွမ်းကြောင့်ပဲ ဟန်ဂေရီက သွင်းဂိုးတွေ တဂိုးပြီး တဂိုး အဆက်မပြတ် သွင်းယူကာ ၄-၀ ဆိုတဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲကို ရရှိသွားခဲ့ပါတယ်။

ဟန်ဂေရီကို ကြားကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတဲ့ ပွဲစဉ်က အင်္ဂလန်ရဲ့ နှစ်ပေါင်း ၁၄၁နှစ် အတွင်း အဆိုးဝါးဆုံးရှုံးပွဲ ဖြစ်ခဲ့ပြီး အင်္ဂလန်က ၁၈၈၁ခုနှစ်မှာ စကော့တလန်ကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် ဒီရှုံးပွဲက ဒုတိယမြောက် အကြီးမားဆုံး ရှုံးပွဲပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဟန်ဂေရီကို ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်က အုပ်စုပွဲ ၄ပွဲ ကစားထားရာမှာ ၂ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်သာ ရရှိထားတာကြောင့် နေးရှင်းလိဂ်ရဲ့ ပထမတန်းကနေ ဒုတိယတန်းဆီ တန်းမဆင်းရအောင် ရုန်းကန်ရတော့မှာ ဖြစ်ပြီး လာမယ့် အီတလီ ၊ ဂျာမဏီတို့နဲ့ ရင်ဆိုင် ကစားရမယ့် ပွဲတွေမှာသာ အနိမ့်ဆုံး ရမှတ် ၄မှတ် မယူနိုင်ခဲ့ရင် အင်္ဂလန်အနေနဲ့ နေးရှင်းလိဂ်ရဲ့ ဒုတိယတန်းဆီ တန်းဆင်းရဖို့ ရှိနေပါတယ်။