ဟာရီကိန်းက တကယ့်ကို တိုက်စစ်မှူးကောင်းတစ်ယောက်ဆိုတာကို ဘယ်လိုမှကို သံသယ မရှိနိုင်ပါဘူး။ ဒါကိုလည်း သူ့ဘက်ကနေ အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိန်းက သူရဲ့ကလပ်အသင်းဖြစ်တဲ့ စပါးအတွက် သွင်းဂိုးပေါင်းများစွာကို ဘောလုံးရာသီတိုင်းလိုလို သွင်းယူပေးနိုင်ခဲ့ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ကိန်းရဲ့စပါးအသင်းကတော့ ဆုဖလားအောင်မြင်မှုတွေနဲ့ ဆက်လက်အလှမ်းဝေးနေဆဲ ဖြစ်သလို အခုနောက်ပိုင်းမှာဆိုရင်တောင် ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးနဲ့ပါ ပြန်လည်ဝေးကွာလာရတဲ့ အခြေအနေတွေ ဖြစ်နေရတာကြောင့် ကိန်းဘက်က သူကာလရှည်ကြာ လက်တွဲခဲ့တဲ့ ကလပ်အသင်းနဲ့ လက်တွဲဖြုတ်ချင်စိတ်တွေက ဖြစ်လာခဲ့ရပါတော့တယ်။

Photo Credit : Football365

စီနီယာ ကစားသမားဘဝကို စတင်ခင် အာဆင်နယ် ဝက်ဖိုဒ့်အသင်းတွေရဲ့ လူငယ်အသင်းတွေမှာပါ ပါဝင်ခဲ့ဖူးတဲ့ ကိန်းဟာ စပါးအသင်းဆီကို ၂၀၀၄ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ပွဲထွက်ခွင့်တွေ မရရှိသေးခင် ကလပ်အသင်း(၄)သင်းမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီကနေ စတင်ပြီး စပါးစီနီယာ ကစားသမားအဖြစ် ယနေ့ထိကို ကျင်လည်လာခဲ့တဲ့ ဟာရီကိန်းဟာ အခုဆိုရင် စပါးကစားသမားအဖြစ် ဘောလုံးရာသီ(၈)ရာသီအထိ ဖြတ်သန်းခဲ့ပြီးနောက်မှာ ဆုဖလားအောင်မြင်မှုတွေ လုံးဝကို မရယူနိုင်ခဲ့ပဲ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ လိဂ်ဖလားဗိုလ်လုပွဲ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတွေဆီကိုသာ အမြင့်ဆုံးအဖြစ် တတ်လှမ်းနိုင်ခဲ့ရပါတယ်။

Photo Credit : Sport and World

ဒီလိုအခြေအနေတွေကြောင့် ကိန်းရဲ့စပါးကစားသမားဘဝက နွေစျေးကွက်မဖွင့်ခင်မှာပဲ စတင်လှုပ်ခတ်လာခဲ့ရပြီး မန်စီးတီး ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ရသလို လက်ရှိမှာတော့ မန်စီးတီးအသင်းနဲ့ သတင်းအထွက်ဆုံး ဖြစ်လို့နေပါတယ်။ အသင်းရဲ့ အဓိကတိုက်စစ်မှူး အဂွဲရိုးကို လက်လွတ်ထားရတဲ့ မန်စီးတီးအသင်းကလည်း ဟာရီကိန်းလို ထိပ်တန်းအဆင့်ရှိ တိုက်စစ်မှူးမျိုးကို အလိုရှိနေသလို ကိန်းကိုယ်တိုင်ကလည်း မန်စီးတီးမှာ ပါဝင်ကစားချင်နေပေမယ့် သူရဲ့အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ထင်သလောက်ကို မလွယ်ကူနိုင်သေးပဲ စပါးဥက္ကဌ လတ်ဗီးနဲ့ ကိန်းတို့ရဲ့ကြားမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆက်လက်ညှိနှိုင်းရဦးမှာဖြစ်ပြီး ဒါတွေအားလုံး အဆင်ပြေပြီဆိုရင်တော့ စပါးနဲ့ မန်စီးတီးအသင်းတို့ရဲ့ကြားမှာ ကိန်းရဲ့ပြောင်းရွှေ့ကြေးအတွက် ဆက်လက်ညှိနှိုင်း အဖြေရှာရမှာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေအရ ကိန်းရဲ့အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ ခဲယဉ်းနေသေးတယ်ဆိုပေမယ့် ကိန်းကတော့ သူ့အတွက် မအောင်မြင်ခဲ့တဲ့ လန်ဒန်ကနေ မန်ချက်စတာဆီကို မဖြစ်မနေ ပြောင်းရွှေ့သွားဖို့ ကြိုးပမ်းမှာ သေချာနေသလို မန်စီးတီးကလည်း ကိန်းကို အရခေါ်ယူဖွယ် ရှိနေပါတယ်ခင်ဗျာ။