MySport Myanmar

ဂရင်းဝုဒ်ကို ပြန်လည် ရွေးချယ်သွားဖို့ အစီအစဉ် မရှိသေးကြောင်း တူဟယ်လ် ဆို

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မေဆင် ဂရင်းဝုဒ်ရဲ့ နိုင်ငံတကာ ကစားသမားဘဝ အနာဂတ်ဟာ မရေမရာ ဖြစ်နေဆဲဖြစ်ပြီး အင်္ဂလန်အသင်းနဲ့ ဂျမေကာအသင်းတို့ကြား ဗျာများနေတဲ့ အခြေအနေတစ်ခု ဖြစ်လို့နေပါတယ်။ အင်္ဂလန်အသင်းဘက်က သူ့ကို ပြန်လည်ရွေးချယ်ဖို့ အစီအစဉ်မရှိသေးကြောင်း နည်းပြချုပ် သောမတ်စ် တူဟယ်လ်က အတည်ပြု ပြောကြားလိုက်သလို ဂျမေကာအသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ဂရင်းဝုဒ်ကိုယ်တိုင်က လက်မခံသေးဘဲ အချိန်ယူ စဉ်းစားလိုကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာ ပြင်သစ်ကလပ် မာဆေးလ်အသင်းအတွက် ကစားပေးနေပြီး ခြေစွမ်းပြလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာလည်း လီဂူး-၁ ပွဲစဉ် (၃)ပွဲမှာ (၁)ဂိုးသွင်း (၂)ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပါတယ်။

Photo Credit : Goal

သူ့ရဲ့ ခြေစွမ်းကြောင့် ဂျမေကာလက်ရွေးစင်အသင်း နည်းပြချုပ် စတိဗ် မက်ကလာရင်က ဂရင်းဝုဒ်ကို နိုင်ငံသားလက်မှတ် ထုတ်ပေးပြီး လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ (၂)ပွဲမှာ ပါဝင်ကစားဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဂရင်းဝုဒ်က ဂျမေကာအသင်းကို အကြောင်းပြန်ကြားရာမှာ သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝကို ဆုံးဖြတ်ဖို့ အချိန်ပိုယူချင်သေးပြီး မာဆေးလ်ကလပ်အတွက်ပဲ အာရုံစိုက်လိုတယ်လို့ ဆိုခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အင်္ဂလန်နည်းပြချုပ် သောမတ်စ် တူဟယ်လ်ကတော့ ဂရင်းဝုဒ်ကို အင်္ဂလန်အသင်းအတွက် ပြန်လည်စဉ်းစားဖို့ လုံးဝ အစီအစဉ်မရှိသေးဘူးလို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ “ကျွန်တော် သူနဲ့ စကားမပြောရသေးပါဘူး။ သူ့ဘက်က လူတွေနဲ့လည်း အဆက်အသွယ်မလုပ်ခဲ့ပါဘူး။ ကျွန်တော် နားလည်ထားတာက သူ ဂျမေကာအတွက် ကစားဖို့ ကြိုးစားနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဘက်က သူ့ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပါဘူး။” လက်ရှိအချိန်မှာ သူဟာ ကျွန်တော်တို့ စဉ်းစားနေတဲ့ ကစားသမား စာရင်းထဲမှာ မရှိပါဘူး။ အသင်းအတွက် သူ့ကို ဦးစားပေး စဉ်းစားမှာလည်း မဟုတ်ပါဘူး။” လို့ တူဟယ်လ်က ဆိုပါတယ်။

Photo Credit : The Sun

ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် တစ်ပွဲသာ ကစားခဲ့ဖူးပါတယ်။ အဲဒါကတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလက အိုက်စလန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပွဲစဉ်အပြီးမှာ ကိုဗစ်စည်းကမ်းတွေ ချိုးဖောက်ခဲ့တာကြောင့် သူ့ကို အသင်းကနေ အိမ်ပြန်ပို့ခဲ့ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေအရ အသက် (၂၁)နှစ်မတိုင်ခင် အင်္ဂလန်အသင်းအတွက် (၃)ပွဲအောက်သာ ကစားထားတဲ့ ကစားသမားတစ်ဦးဟာ အခြားနိုင်ငံတစ်ခုကို ကိုယ်စားပြု ကစားခွင့်ရှိနေပါတယ်။ ဒါကြောင့် ဂရင်းဝုဒ်အနေနဲ့ ဂျမေကာအတွက် ကစားပေးဖို့ အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။

Exit mobile version