ယူရို-၂၀၂ဝပြိုင်ပွဲကြီး မစတင်ခင်မှာ ပြိုင်ပွဲဝင်အသင်းများထဲကမှ ဗိုလ်စွဲနိုင်ခြေအရှိဆုံး အသင်းတွေကို ဖော်ပြလာခဲ့ရာမှာ အဲ့ဒီစာရင်းထဲမှာ နာမည်ကြီးအင်္ဂလန်အသင်းလည်း ပါဝင်လာခဲ့ပါတယ်။ အင်္ဂလန်အနေနဲ့ ဘာကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ရသလဲဆိုတော့ အင်္ဂလန်အသင်းမှာက အရည်အသွေးမြင့်မားတဲ့ ကစားသမားကောင်းတွေက နေရာစုံမှာ များစွာပါဝင်လို့နေတဲ့အပြင် သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ ဝင်ဘလေမှာ လက်ခံကစားရမယ့် ပွဲစဉ်တွေလည်း ပါဝင်နေတာကြောင့်ဖြစ်တာကြောင့် ယူရိုပြိုင်ပွဲအတွင်း တစ်ကြိမ်တစ်ခါမှ မအောင်မြင်နိုင်သေးဖူးတဲ့ မှတ်တမ်းဆိုးကို အင်္ဂလန်တို့ ချေဖျက်နိုင်လိမ့်မယ်လို့ အားလုံးက တွက်ဆခဲ့ကြတာဖြစ်ပါတယ်။

Photo Credit : Sky News

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ချက် ခရိုအေးရှား စကော့တလန်အသင်းတွေနဲ့ အုပ်စု(D)မှာ ကျရောက်လျက်ရှိနေပြီး အုပ်စုအနေအထားအရ သိပ်မချောင် သိပ်မကျလှပေမယ့် အင်္ဂလန်အနေနဲ့ အုပ်စုတွင်းမှာက အင်အားအကြီးဆုံး အသင်းဖြစ်နေတဲ့အတွက် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းသွားဖို့ ဖြစ်နိုင်ခြေက များနေရပါတယ်။ အင်္ဂလန်အသင်းဟာ ယူရိုပွဲစဉ်ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ပြိုင်ဘက်ဟောင်း ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းက အားရလောက်စရာ ခြေစွမ်းမျိုး မပြနိုင်ခဲ့ပေမယ့် တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit : Football365

အဖွင့်ပွဲစဉ်မှာ တာထွက်လှခဲ့ရတဲ့ အင်္ဂလန်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဗြိတိန်ပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ စကော့တလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရမှာတော့ တိုက်စစ်က ဂိုးတောင်မသွင်းနိုင်တော့ပဲ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဟာရီကိန်း ဖေးလ်ဖိုဒန် ရာဟင်စတာလင် ဂျက်ဂရီးလစ်ရှ် မားကပ်စ်ရပ်ရှ်ဖိုဒ့် ဂျေဒန်ဆန်ချိုနဲ့ ကယ်လ်ဗတ်လူဝင်တို့လို့ တိုက်စစ်အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားခဲ့ပေမယ့်လည်း အသင်းရဲ့တိုက်စစ်ပိုင်းက ထင်ထားသလောက်ကို ထက်မြက်နေခြင်းမရှိပဲ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ရဲ့ ကစားသမားရွေးချယ်မှုနဲ့ နည်းဗျူဟာအပိုင်းတွေကလည်း အားနည်းချက်ရှိနေပါတယ်။ အခုဆိုရင် အင်္ဂလန်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အုပ်စုပွဲစဉ်(၂)ပွဲ ကစားထားပြီးတဲ့နောက်မှာ တိုက်စစ်က သွင်းဂိုး(၁)ဂိုးတည်းသာ သွင်းယူထားသလို (၂)ပွဲလုံးမှာတောင် ဂိုးပေါက်တည့်ကန်ချက်က (၃)ကြိမ်သာ ရှိထားတဲ့အထိ တိုက်စစ်ပိုင်းက အားနည်းလွန်းနေတာကတော့ အင်္ဂလန်လို အသင်းမျိုးအတွက် မဖြစ်သင့်တဲ့ အရာမျိုးပါ။ ဒီလို ဖြစ်နေရတဲ့ တိုက်စစ်ပိုင်းကို အလျင်အမြန် ပြုပြင်နိုင်မှ အင်္ဂလန်အနေနဲ့ ရေပန်းစားနေသလို ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုတစ်စုံတစ်ခုကို ရယူနိုင်မှာဖြစ်ပြီး လတ်တလော ခြေစွမ်းအရဆိုရင်တော့ အင်္ဂလန်တို့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်လောက်မှာပဲ အဆုံးသွားရဖွယ် ရှိနေပါတယ်။