နိုင်ငံလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပြီးမှ အသင်းတည်းခိုရာ ဟိုတယ်ဆီကို မိန်းကလေးတွေ ခေါ်ဆောင်ခဲ့ပြီး ကိုဗစ်စည်းမျဉ်းကိုပါ ချိုးဖောက်မိခဲ့တဲ့ လူငယ်ကြယ်ပွင့်လေး ဖိုဒန်နဲ့ဂရင်းဝုဒ်တို့နှစ်ယောက်ကို အင်္ဂနည်းပြဆောက်ဂိတ်ကနေ အသင်းကနေ ထုတ်ပယ်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ ခြေစွမ်းပြန်ပြလာခဲ့တဲ့ ဖေးလ်ဖိုဒန်ကို အသင်းအတွက် ပြန်လည်ရွေးချယ်ခဲ့ပြီး ဖိုဒန်ကလည်း သူ့အတွက် ပြန်လည်ရရှိလာခဲ့တဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချခဲ့ပြီး မနေ့ညက အိုက်စလန်အသင်းနဲ့ပွဲမှာလည်း အသင်းအတွက် သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : SuperSports

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ လူငယ်ကစားသမားလေးဖိုဒန်ဟာ အိုက်စလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ UEFA Nations League အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့ပြီး အသင်းအတွက် တတိယဂိုးနဲ့ စတုတ္ထဂိုးတွေကို သွင်းယူနိုင်ခဲ့လို့ ဒီကလန်ရိုက်စ် သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ်(၈၀)မှာ သွင်းယူခဲ့တဲ သွင်းဂိုးကတော့ ဖိုဒန်ရဲ့ အင်္ဂလန်စီနီယာအသင်းအတွက် ပထမဆုံးသွင်းယူခဲ့တဲ့ အမှတ်တရ သွင်းဂိုးဖြစ်လာခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်နဲ့လည်း သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit : Football 365

ဒီလို ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဖိုဒန်နဲ့ပတ်သက်ပြီး အင်္ဂလန်နဲ့ လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဂျင်မီကာရေဂါက “သူကတော့ တကယ့်ကို အရည်အသွေးမြင့် ကစားသမားတစ်ယောက်ပါ။ ဘယ်နေရာမှာပဲ ရှိနေရှိနေ တခြားသော အင်္ဂလန်ကစားသမားတွေထက်ကို ဘောလုံးကို ကောင်းကောင်းထိန်းသိမ်းထားနိုင်တတ်တယ်။ အင်္ဂလန်အသင်းမှာကလည်း ဖိုဒန်လို အရည်အသွေးမျိုးရှိတဲ့ ကစားသမားကောင်းတွေကို မမွေးထုတ်နိုင်ခဲ့တာဆိုတော့ သူ့ကစားတာကို စောင့်ကြည့်နေရတာနဲ့ပင် အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။ ကျွန်တော့်အထင်ဆိုရင်တော့ သူက ဒီနေ့ည မေဆန်မောင့်ကစားသွားတဲ့နေရာကို ဝင်ကစားမယ်ဆိုရင် ပိုပြီးတောက်ပနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အသင်းမှာ တိုုက်စစ်အားကောင်းတဲ့ ကစားသမား(၄)ယောက် ရှိနေတာက အင်္ဂလန်အသင်းအတွက် အရမ်းကောင်းပါတယ်။ ကစားသမားတွေရဲ့ ကစားပုံအပြောင်းအလဲတွေနဲ့ ပျော်ရွှင်စွာ ကစားနေကြတဲ့ပုံတွေကို မြင်တွေ့ရတာလည်း အရမ်းကို သဘောကျစရာကောင်းတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဖိုဒန်ကလည်း သူ့ကို ယုံယုံကြည်ကြည်နဲ့ ပြန်လည်နေရာပေးခဲ့တဲ့ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ကို ကျေးဇူးတင်စကားဆိုခဲ့သလို သူ့ကို အသင်းအတွက် ဘာကြောင့်ပြန်လည်ရွေးချယ်ရတာလဲဆိုတာကိုပါ သက်သေပြသွားနိုင်ခဲ့ပါတယ်။