မနေ့ညက အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားထားခဲ့ အိုင်ယာလန်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစားသမား အလန်ဘရောင်းဟာ ပွဲအပြီး ဆေးစစ်မှုတွေ ခံယူရာမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်ဆိုပြီး ရလဒ်ထွက်ပေါ်လာခဲ့တာကြောင့် ဘရောင်းရဲ့ အသင်းဖော်တွေအပြင် ဘရောင်းရဲ့ အိုင်ယာလန်အသင်းနဲ့ပါ ယှဉ်ပြိုင်ကစားသွားခဲ့ရတဲ့ အင်္ဂလန်အသင်းသားတွေအတွက်ပါ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : BBC

အသက်(၂၅)နှစ်အရွှယ်ရှိ အိုင်ယာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အလန်ဘရောင်းဟာ ပရက်စတန်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး မနေ့ညက ကျင်းပခဲ့တဲ့ ခြေစမ်းပွဲအတွင်းမှာ အိုင်ယာလန်အသင်းအတွက် မိနစ်(၉၀)ပြည့် ပါဝင်ကစားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ စစ်ဆေးမှုတွေ ပြုလုပ်ရာမှာတော့ မမျှော်လင့်ပဲ ကိုဗစ်ပိုးကူးစက်နေတာကို သိရှိလိုက်ရတာဖြစ်တယ်လို့ အိုင်ယာလန်အက်အေကနေ ထုတ်ပြန်လာခဲ့ပါတယ်။ ဘရောင်းအနေနဲ့ Covid-19 ကူးစက်ထားခံရပေမယ့် သူရဲ့အိုင်ယာလန်အသင်းဖော်တွေနဲ့ အသင်းရဲ့ဝန်ထမ်းအားလုံးကတော့ Covid-19 စစ်ဆေးမှုမှာတော့ အားလုံးက Negative သာ ဖြစ်နေတယ်လို့လည်း အိုင်ယာလန် FA ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

 

Photo Credit : The Sun

ဒါပေမယ့် မနေ့ညက ခြေစမ်းပွဲအတွင်းမှာ အလန်ဘရောင်းနဲ့ ထိတွေ့ခဲ့ရတဲ့ အင်္ဂလန်ကစားသမားတွေထဲ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယား နောက်ခံအစွန်လူ ရီးစ်ဂျိမ်းစ်နဲ့ ကွင်းလယ်လူ ဟယ်ရီဝင့်စ်တို့က အကြိမ်ရေအများဆုံး ဖြစ်နေတာကြောင့် ဒီကစားသမားတွေရဲ့ အခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေရပါတယ်။ ဒါပေမယ့် The Sun သတင်းစာရဲ့ ဖော်ပြချက်အရတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ ဒီကစားသမားဆီကနေ အင်္ဂလန်အသင်းသားတွေ ဗိုင်းရပ်စ်ကူးမှာကို တအားစိတ်ပူနေမှာ မဟုတ်ပဲ ဘယ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် UEFA Nations League ပွဲကိုသာ အေးဆေးယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ဘယ်ဂျီယံ အိုက်စလန်အသင်းတို့နဲ့ UEFA Nations League လက်ကျန်ပွဲစဉ်တွေအဖြစ် ဆက်တိုက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်အသင်းဟာ Group(A)ရဲ့ အုပ်စု(၂)မှာ အဆင့်(၃)နေရာကို ရောက်ရှိနေတာဖြစ်လို့ အဆင့်(၁)နေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့အတွက် လက်ကျန်ပွဲတွေကို ရလဒ်ကောင်းဖို့ လိုအပ်နေပြီး ဘယ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ကို ခြေမချော်အောင် ကစားရမှာဖြစ်ပါတယ်။